မနေ့ညက မန်စီးတီးနဲ့ ဘရိုက်တန်ပွဲမှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့ အဖွင့်ဂိုးနဲ့ ပတ်သက်လို့ ပရိသတ်တွေအကြား အမြင်အမျိုးမျိုး ထွက်ပေါ်နေပြီး အငြင်းပွားမှုတွေရှိနေပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘရိုက်တန်ကို ၃-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့ သွင်းဂိုးတွေက ဒီရာသီ သူ့အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၆) ဂိုးမြောက်နဲ့ (၁၇) ဂိုးမြောက် သွင်းဂိုးတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီသွင်းဂိုးတွေကြောင့်ပဲ ဟာလန်းက ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုးအရေအတွက် (၂၂) ဂိုးအထိ ရှိလာခဲ့ပါပြီ။ ဒါပေမယ့် ဟာလန်းရဲ့ ပထမဆုံးသွင်းဂိုးကတော့ ပြိုင်ဘက်ကို လုံးဝ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမြင်တွေ ရှိနေပါတယ်။
အသင်းဖော် ဂိုးသမား အီဒါဆန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာလန်းက ပြိုင်ဘက်ဂိုးသမား ရော်ဘတ်ဆန်းချက်ဇ်ရှေ့ကနေ ဖြတ်ဆွဲထွက်ခဲ့ပါတယ်။ ဟာလန်း ဆွဲထွက်သွားတဲ့ ဒီဘောလုံးကို ဘရိုက်တန်နောက်ခံလူ ဝက်ဘ်စတာက ဦးခဲ့တာပါ။ ဒါပေမယ့် ဟာလန်းရဲ့ ကြံ့ခိုင်မှုပိုင်းကို ဝက်ဘ်စတာတယောက် မယှဥ်နိုင်ခဲ့ဘဲ ဟာလန်းရဲ့ တွန်းတိုက်မှုကြောင့် လဲကျသွားခဲ့ပါတယ်။
ဒီကတဆင့် ဟာလန်းက ဂိုးလွတ်ထဲကို အဆုံးသတ် ကန်သွင်းခွင့်ရခဲ့ပြီး ဒီသွင်းဂိုးပေးလိုက်ရတဲ့အပေါ် ပရိသတ်အချို့က ငြင်းခုန် စောဒကတက်နေကြတာပါ။ ပရီးမီးယားလိဂ်က ဒိုင်လူကြီးတွေနဲ့ VAR စနစ်ဟာ လိုအပ်သလို အပြောင်းအလဲတွေ ပြုလုပ်နေတယ်လို့ ဆိုနေကြပြီး အရင်တပတ်မှာ ကစားခဲ့တဲ့ပွဲစဥ်တွေက ဖြစ်ရပ်အချို့ကို ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
ပရိသတ်အချို့ကလည်း ဟာလန်းရဲ့ ကြံ့ခိုင်မှုအကြောင်းကို လူတိုင်းသိထားပြီးဖြစ်ကြောင်း၊ အချို့နောက်ခံလူတွေအတွက် ဟာလန်းနဲ့ အခုလိုမျိုး ကြံ့ခိုင်မှုပိုင်းအရ ဘော်ဒီယှဥ်ခုဖို့ မဖြစ်နိုင်ကြောင်း အပြန်အလှန် ငြင်းခုန်လျက်ရှိပါတယ်။ ဒီပွဲမှာ ဟာလန်းက အသင်းအတွက် နောက်ထပ်သွင်းဂိုးတဂိုးကိုလည်း ပင်နယ်တီကတဆင့်ပဲ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။