ယူနိုက်တက်တိုက်စစ်ကစားသမား အီလန်ဂါတယောက် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေက စိတ်ပျက်ပေါက်ကွဲနေကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ အီလန်ဂါဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပြိုင်ဘက်က တန်ပြန်တိုက်စစ်ကို ချက်ချင်းပြန်စနိုင်အောင် ကူညီပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဒီပွဲရဲ့ ဒုတိယပိုင်းမှာ အီလန်ဂါက လူစားမဝင်ခင် ကွင်းဘေးစည်းမှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘရန့်ဖို့ဒ်က ယူနိုက်တက်ကို တန်ပြန်တိုက်စစ်စတင်လာပြီး အမ်ဘူမိုရဲ့ ပေးပို့မှုကို နောက်ခံလူ ဗာရန်းက ဟန့်တားခဲ့တာကြောင့် ဘောလုံးက ဘေးထွက်ပြီး လက်ပစ်ဘောဖြစ်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ အီလန်ဂါက ပွဲကို အမြန်ဆုံးစတင်နိုင်အောင် ဘောလုံးကို ချက်ချင်းကောက်ယူပြီး အမ်ဘူမိုဆီ ပြန်ပေးခဲ့ပါတယ်။ အမ်ဘူမိုကလည်း အသင်းဖော် ရီကိုဟင်နရီဆီ လက်ပစ်ဘောချက်ချင်းပြန်မြှောက်ပေးခဲ့ပါတယ်။ အဲ့ဒီကတဆင့် ဟင်နရီက ဂိုးဧရိယာထဲ ဖြတ်ပို့ခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ ယူနိုက်တက်တို့ နောက်ထပ်ဂိုးမပေးခဲ့ရပါဘူး။
ဒီအချိန်ဟာ ဒုတိယပိုင်းအစ ယူနိုက်တက်တို့ လေးဂိုးပြတ်နဲ့ရှုံးနိမ့်နေချိန်ဖြစ်ပါတယ်။ အီလန်ဂါအနေနဲ့ အသင်းချေပဂိုးရရှိဖို့ ကြိုးစားနေချိန်မှာ စိတ်လောတာကို လက်ခံနိုင်ပေမယ့် အခုလိုပဲ ပြိုင်ဘက်က တန်ပြန်တိုက်စစ်ဆင်လာချိန်မှာ ပွဲကို ချက်ချင်းပြန်လည်စတင်နိုင်အောင် ကူညီပေးခဲ့တာက တော်တော်လေးကို ရုပ်ပျက်တဲ့လုပ်ရပ်တခုဖြစ်ခဲ့ပါတယ်။
ပရိသတ်တွေကလည်း “ငါတော်တော် အံ့အားသင့်သွားပါတယ်။ တကယ်ကို ရှော့ခ်ရစေတဲ့ မြင်ကွင်းတခုပါ။ အဲ့ဒီထက်ဆိုးတဲ့မြင်ကွင်းတောင်မှ အီလန်ဂါရဲ့လုပ်ရပ်ထက် ပိုဆိုးတော့မှာမဟုတ်ပါဘူး” “အီလန်ဂါက သူဘယ်အသင်းအတွက် ကစားနေလဲရော သိရဲ့လားမသိဘူး” ငါတော်တော် အံ့သြသွားတယ်။ အီလန်ဂါက ဒါမျိုးလုပ်တာ တခါမကဘူး” လို့ ဝေဖန်ပြောကြားခဲ့ကြပါတယ်။