မော်ရင်ဟိုကတော့ တကယ့်လူစားပဲဆိုတာ ဒီလိုမျိုးတွေကြောင့်ပါ။

၂၀၁၂-၁၃ ဘောလုံးရာသီက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဒေါ့မွန်နဲ့ ရီးရီးရဲလ်မက်ဒရစ်တို့ ရင်ဆိုင်ခဲ့ရတုန်းက အဖြစ်အပျက်ကို ဒေါ့မွန်နောက်ခံလူ ရှမဲလ်ဇာက ပြန်လည်ဖွင့်ဟခဲ့တာပါ။ အဆိုပါပွဲကတော့ တဖက်နှစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး မော်ရင်ဟိုက ပြိုင်ဘက်ကစားသမားကတဆင့် သူ့အသင်းသားဖြစ်တဲ့ အိုဇေးလ်ကို ညွှန်ကြားချက်တွေပေးခဲ့တဲ့အကြောင်းကို ရှမဲလ်ဇာ ကိုယ်တိုင်က ပြောပြခဲ့တာလည်းဖြစ်ပါတယ်။ 

အိုဇေးလ်ကို တိုက်စစ်ဆီ ပိုမိုလိုက်ပါဖို့အတွက် မော်ရင်ဟိုက ညွှန်ကြားချင်နေခဲ့ပေမယ့်လည်း သူနဲ့အလှမ်းဝေးနေတာကြောင့် အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဒီအချိန်မှာ မော်ရင်ဟိုက လက်ပစ်ဘောမြှောက်ဖို့ပြင်ဆင်နေတဲ့ ဒေါ့မွန်နောက်ခံလူရှမဲလ်ဇာအနားကို ကပ်ပြီး အိုဇေးလ်ကစားရမယ့်ပုံစံကို တဆင့်ပြန်လည်ပြောဆိုခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီအကြောင်းကို ရှမဲလ်ဇာက "လက်ပစ်ဘောမြှောက်ဖို့ ကျနော်ပြင်နေတုန်းမှာ သူက ကျနော့်နားကပ်လာပြီး စကားလာပြောတော့ အံ့အားသင့်ခဲ့ရတယ်၊ သူက ကျနော့်ကို ညွှန်ကြားချက်တွေ အလေးအနက်ထားပြောနေခဲ့တာ၊ အိုဇေးလ်ဆီသွားပြီး ကွင်းလယ်ကနေတိုက်စစ်ကို မြန်မြန်လိုက်ကစားဖို့ပြောပေးဆိုပြီး ကျနော့်နား နားကပ်ပြီးပြောတာ၊ သူ့ကို ကျနော်အံ့ဩပြီးကြည့်နေခဲ့ရတယ်၊ ဘာမှတော့ ပြန်မပြောခဲ့ဘူး"

"ဒါပေမယ့် ကွင်းထဲမှာ အိုဇေးလ်နဲ့ ကျနော် အနီးကပ်တွေ့တော့ မော်ရင်ဟိုပြောတာကို ပြောလိုက်တယ်၊ ကျနော် ပိုပြီးအံ့အားသင့်ရတာက အိုဇေးလ်က သူ့နည်းပြရဲ့ ညွှန်ကြားမှုတွေကို ပုံမှန်အတိုင်း ခေါင်းညိတ်ပြနေခဲ့တာပဲ" လို့ ပြန်လည်ဖွင့်ဟခဲ့ပါတယ်။ ရယ်စရာကောင်းတဲ့အဖြစ်ကတော့ ဒေါ့မွန်တို့ ၂-၁ နဲ့ ဦးဆောင်နေတာဖြစ်ပြီး အဲဒီနောက်မှာ အိုဇေးလ်က ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးသွင်းယူပေးခဲ့တာပါပဲ။ 


မော်ရင်ဟိုကတော့ အဲဒီလိုလူစားမျိုးပါ။ သူ့အသင်းသားဆီ ညွှန်ကြားဖို့အတွက်ကို မဖြစ်နိုင်ချိန်မှာ ပြိုင်ဘက်ကစားသမားဆီကနေတဆင့် ပြောခိုင်းခဲ့ပြီး ချေပဂိုးပါရရှိသွားခဲ့ပါတယ်။ အဲဒီအဖြစ်က အခုချိန်ထိ အမှတ်တရတခုအဖြစ်နဲ့ ကျန်ရှိနေတုန်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က