ဘော့စနီးယားကို အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို သူ့ရဲ့ အမာခံပရိသတ်ကြောင့်ပဲဒဏ်ရာရမလိုဖြစ်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန်အတွင်းမှာ အယ်လ်နာဆာဂျာစီကို ဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ယောက်က ကွင်းထဲ ကျူးကျော်ဝင်ရောက်လာပြီး ရော်နယ်ဒိုနဲ့ ဆဲလ်ဖီတွဲရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့နောက်ကို လုံခြုံရေးဝန်ထမ်းအချို့ ပြေးလိုက်လာခဲ့ပေမယ့် သူကတော့ ရော်နယ်ဒိုအနားထိ ရောက်အောင် ချဉ်းကပ်နိုင်ခဲ့တာပါ။
အဲ့ဒီနောက် ဆဲလ်ဖီရိုက်ဖို့ ကြိုးစားနေချိန်မှာ လုံခြုံရေးဝန်ထမ်းတွေက သူ့ကို ဝိုင်းဝန်းဆွဲထုတ်ဖို့ ကြိုးစားခဲ့ပြီး အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်းမှာရော်နယ်ဒိုကပါ ရောနှောပါသွားခဲ့ပြီး ပရိသတ်က သူ့ရဲ့ ခြေထောက်ကို တက်နင်းခဲ့ဟန်ရှိပါတယ်။
ရော်နယ်ဒိုတစ်ယောက် နာကျင်သွားဟန်နဲ့ သူ့ရဲ့ခြေထောက်ကို အမြန်ဆွဲထုတ်ခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ်ကလည်း ရော်နယ်ဒိုထံ ချဉ်းကပ်ကာ အခြေအနေကို မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုတစ်ယောက် ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ပွဲကို ဆက်ကစားနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် ပွဲကစားချိန် (၆၆) မိနစ်မှာ ရော်နယ်ဒိုကို နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က နက်တိုနဲ့ လူစားလဲပြီး အနားပေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ပရိသတ်ရဲ့ ချဉ်းကပ်မှုကို လက်ခံဟန်ရှိခဲ့ပေမယ့် အဆိုပါပရိသတ်ကတော့ ရော်နယ်ဒိုနဲ့ ဆဲလ်ဖီတွဲရိုက်နိုင်ခြင်းမရှိခဲ့တဲ့အပြင် ရော်နယ်ဒိုကိုပါ တက်နင်းမိခဲ့ပုံရခဲ့တာလည်း ဖြစ်ပါတယ်။