မနေ့ကပွဲအပြီးမှာဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲအပြီး ပြိုင်ဘက် ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကို အားရပါးရ ပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို ဒေါသထွက်နေကြတယ်လို့ သိရှိရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ နောက်ပိုင်းပွဲစဥ်တွေမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာပါ။



ပုံမှန်ပွဲထွက်ခွင့်အတွက်လည်း ရုန်းကန်နေရတာကြောင့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိတဲ့ ကစားသမားတွေထဲကတယောက်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ မနေ့က ချဲလ်ဆီးနဲ့ တဂိုးစီ သရေကျခဲ့တဲ့ပွဲမှာလည်း ရပ်ရှ်ဖို့ဒ်က ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် (၇၉) မိနစ်မှာတော့ ရန်းနစ်ဂ်က ရပ်ရှ်ဖို့ဒ်ရဲ့နေရာမှာ မာတာနဲ့ လူစားလဲကစားစေခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းက တော်တော်လေးဆိုးရွားခဲ့တာဖြစ်ပြီး သာမန်အနေအထားတွေမှာတောင် ပြိုင်ဘက်ကစားသမားကို မကျော်နိုင်တာ၊ လူပေးမှားတာတွေ ဖြစ်ပျက်ခဲ့ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်ကတော့ ပွဲအပြီးမှာ မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။

ပြိုင်ဘက် ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်နဲ့ ပွေ့ဖက်နှုတ်ဆက်ချိန်မှာ ရပ်ရှ်ဖို့ဒ်က ပြေးသွားရင်း အားရပါးရ နှုတ်ဆက်ခဲ့ပြီး ဒီအပေါ်မှာ ယူနိုက်တက်ပရိသတ်တွေ မျက်စိစပါးမွှေးစူးခဲ့ကြတာပါ။ ရပ်ရှ်ဖို့ဒ်ရဲ့လုပ်ရပ်က လိုအပ်တာထက် ပိုနေတယ်လို့ ပရိသတ်တွေက ယူဆနေကြပြီး အထူးသဖြင့် ပြိုင်ဘက်အသင်းကြီးနည်းပြနဲ့ ဒါမျိုးပွေ့ဖက်တာက မလုပ်သင့်ဘူးလို့ ယုံကြည်နေပါတယ်။



ရပ်ရှ်ဖို့ဒ်ဟာ ဒီပွဲမစခင် သွေးပူလေ့ကျင့်ခန်းမှာလည်း ပြုံးရယ်လွန်းနေတာကြောင့် ယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်ကိန်းက ဝေဖန်ခဲ့ပါသေးတယ်။ ရွိုင်ကိန်းက “ကစားသမားတယောက်က အရမ်းကြီး ပြုံးရယ်လွန်းနေရင် ကျနော် မကြိုက်ပါဘူး။ သူ့အနေနဲ့ပွဲအပေါ် အကျိုးသက်ရောက်မှုရှိရင် တမျိုးပေါ့။ ဒါပေမယ့် သူက ဘာမှလည်း မလုပ်ပြနိုင်ပါဘူး”

“ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း သူ့ရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို လိုအပ်ချက်များနေပြီး ကလေးတယောက်လို ကစားခဲ့တာပါ” လို့လည်း ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက်တယောက်ဖြစ်ပြီး နောက်နှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ 

Share

က္က