မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်လူ ဒီဘရိုင်းတို့ နှစ်ယောက်အကြား ကွင်းတွင်းမှာသာမက ကွင်းပြင်မှာပါ အချိတ်အဆက်မိနေကြပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ အကြောင်းကတော့ ဟာလန်းရဲ့ အင်စတာဂရမ်ပေါ်ကပို့စ်တခုနဲ့ အဲ့ဒီအောက်က ဒီဘရိုင်းနဲ့ အပြန်အလှန်မှတ်ချက်ပေးမှုတွေကြောင့်ပဲဖြစ်ပါတယ်။
ဟာလန်းဟာ မနေ့ကတုန်းက စားသောက်ဆိုင်တခုမှာ အစားအသောက်မှာစားဖို့အတွက် မီနူးစာအုပ်ကိုင်ဆောင်ထားတဲ့ပုံကို အင်စတာဂရမ်မှာတင်ပြီး “မီနူးထဲရှိသမျှ အကုန်လုံးကိုပဲ မှာစားလိုက်တော့မယ်” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီပို့စ်အောက်မှာတော့ ဒီဘရိုင်းက “ငါ မီနူးစာအုပ်ကို လာကိုင်ပေးပြီး မင်းအတွက် ဖန်တီးပေးတာကို လိုချင်နေတာလား” လို့နောက်ပြောင်ရေးသားခဲ့ပါတယ်။
ဒီဘရိုင်းရဲ့ မှတ်ချက်အပေါ်မှာတော့ ဟာလန်းက “ဒါပေါ့ဗျာ။ ကျနော် ဒါကို ညတိုင်း အိပ်မက်မက် စိတ်ကူးယဥ်နေရတာ။ ဘာကြောင့်မှန်းလဲ မသိပါဘူး” လို့ ပြန်လည်နောက်ပြောင်ပြီး ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီနှစ်ယောက်အကြား အချိန်တိုအတွင်း လွယ်လွယ်ကူကူနဲ့ ကွင်းတွင်းကွင်းပြင် နားလည်မှုရရှိခဲ့တာကို နှစ်သက်သဘောကျနေကြပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ မန်စီးတီးရရှိခဲ့တဲ့ အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပြီး အသင်းကလည်း သူ့ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ပဲ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဟာလန်းရရှိခဲ့တဲ့ ဒုတိယမြောက်ဂိုးက ဒီဘရိုင်းရဲ့ ရိုးရှင်းလှပတဲ့ ဖန်တီးပေးမှုကို ဟာလန်းက အကောင်းဆုံး အဆုံးသတ်ကန်သွင်းပေးရင်းကနေ ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမကုန်ခင်တည်းက ဟာလန်းအတွက် မန်စီးတီးတို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းကို အတည်ပြုပြီးနောက် ပထမဆုံးကစားခဲ့တဲ့ ဝုလ်ဗ်နဲ့မန်စီးတီးပွဲမှာ ဒီဘရိုင်းက ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဟာလန်းရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံကာ သူ့ရဲ့အသင်းဖော်အသစ်ကို ကြိုဆိုခဲ့ဖူးပါသေးတယ်။