ဘိုကာဂျူနီယာပရိသတ်တွေက မက်ဆီကို ဂုဏ်ပြုခဲ့တာပါ။

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီဟာ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ရီကွယ်လ်မီးကို ဂုဏ်ပြုတဲ့ပွဲမှာ ပါဝင်ကစားပြီး ဘိုကာဂျူနီယာပရိသတ်တွေရဲ့ လေးစားသမှုနဲ့ ဦးညွှတ်ခြင်းကို ထပ်မံရရှိခဲ့ပါတယ်။ အဆိုပါပွဲဟာ အာဂျင်တီးနား အကောင်းဆုံး (၁၁) ယောက်နဲ့ ဘိုကာဂျူနီယာ အကောင်းဆုံး (၁၁) ယောက်တို့ ကစားခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။



ဒီပွဲမှာ မက်ဆီက အာဂျင်တီးနားဘက်က ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ပြိုင်ဘက်ဂိုးသမားနဲ့ နောက်တန်းတို့ကို ကျော်ဖြတ်ကာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီဂိုးသွင်းယူပြီးတဲ့နောက်မှာတော့ ဘိုကာဂျူနီယာ ပရိသတ်တွေဟာ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးညွှတ်ပြခဲ့ကြပြီး မက်ဆီအတွက် နောက်ထပ်ကျေနပ်စရာပွဲတစ်ပွဲကို ဖြတ်သန်းခွင့်ရရှိခဲ့တာပါ။

မက်ဆီဟာ စနေနေ့ညမှာ ကစားခဲ့တဲ့ မက်ဆီရိုဒရီဂွက်ဇ်ရဲ့ နှုတ်ဆက်ပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး အသင်းအတွက် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဆိုပါပွဲ ကစားတဲ့နေ့က မက်ဆီရဲ့မွေးနေ့ဖြစ်ခဲ့ပြီး ရိုဆာရီယိုမှာ ရှိတဲ့ ပရိသတ်တွေကလည်း မက်ဆီအတွက် မွေးနေ့ဂုဏ်ပြု သီချင်းကို သံပြိုင် သီဆို ဂုဏ်ပြုပေးခဲ့ကြပါတယ်။

အဲ့ဒီနောက် တစ်ရက်အကြာမှာပဲ မက်ဆီက ရီကွယ်လ်မီးကို ဂုဏ်ပြုတဲ့ပွဲမှာ ဆက်တိုက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနား ဂန္တဝင်ကြီး ရီကွယ်လ်မီးဟာ မက်ဆီ လေးစားအားကျရတဲ့ ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။

ရီကွယ်လ်မီးကလည်း မက်ဆီအနေနဲ့ အခုလိုမျိုး သူ့ရဲ့ ဂုဏ်ပြုပွဲမှာ ပါဝင်ကစားပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရီကွယ်လ်မီးက “မက်ဆီနဲ့ မာရာဒိုနာတို့က အကြီးကျယ် အခမ်းနားဆုံး ကစားသမားတွေပါ။ အခု မက်ဆီ ဒီပွဲမှာ ရှိနေပေးတာ တကယ်ကို အံ့အားသင့်စရာပါပဲ။ သူ့မိသားစုကိုလည်း ကျွန်တော် တောင်းပန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အခုထက် အားလပ်ရက် ပိုရရမှာလေ။ ဒါပေမယ့် မက်ဆီက ကျွန်တော့်အတွက်ဆို အမြဲခေါင်းညိမ့်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က