အက်သလက်တီကိုနဲ့ပွဲမတိုင်ခင်မှာ အန်ဆယ်လော့တီက ပြောကြားလာခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းအနေနဲ့ နောက်ပိုင်းပွဲတွေမှာ ပွဲပြီးခါနီး မိနစ်နှောင်းပိုင်းတွေမှ ဂိုးတွေရရှိနေတဲ့အပေါ် ဟာသနှောပြီး ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့ တသင်းတည်းသော အသင်းလည်းဖြစ်ပါတယ်။



ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံဟာ လက်ရှိမှာ အဓိကတိုက်စစ်မှူး ဘန်ဇီမာ ဒဏ်ရာရရှိနေပေမယ့် နိုင်ပွဲပုံမှန်ရရှိနေဆဲဖြစ်ပြီး ဗီနီရှပ်စ်၊ ရိုဒရီဂိုတို့လို ကစားသမားတွေက အသင်းတိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေဆဲပါ။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ကစားပုံ မကောင်းသည်ဖြစ်စေ၊ ပွဲကစားချိန်ကြာလာတာနဲ့အမျှ ဂိုးရဖို့ကို စိတ်မပူရတော့တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ အက်သလက်တီကိုနဲ့မက်ဒရစ်ဒါဘီပွဲမတိုင်ခင်မှာ အန်ဆယ်လော့တီက “ကျနော်တို့ရဲ့ဗျူဟာက ပွဲကစားချိန်နှောင်းပိုင်းတွေမှာ ပင်ပန်းနေသလိုမျိုး ပြိုင်ဘက်တွေကို အယုံသွင်းခဲ့တာပါ။ သူတို့ကတော့ ကျနော်တို့ အမှန်တကယ် ပင်ပန်းသွားပြီလို့ ထင်ကြတာပေါ့။ ဒါက ပင်ပန်းနွမ်းနယ်မှုဗျူဟာပေါ့”

“အဲ့ဒီနောက်မှာတော့ ကျနော်တို့ ဂိုးတွေစသွင်းပါတယ်” လို့ ရယ်ရယ်မောမောနဲ့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာလည်း ပွဲကစားချိန် (၇၉) မိနစ်မှ ဂိုးစရခဲ့ပြီး အဲ့ဒီနောက်မှာတော့ အဆန်စီယိုရဲ့ ပွဲသိမ်းဂိုးနဲ့အတူ ပွဲအပြီးမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီကနေ့ညမှာတော့ မက်ဒရစ်ဒါဘီပွဲအဖြစ် အက်သလက်တီကိုမက်ဒရစ်ရဲ့အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗီနီရှပ်စ် ဂိုးသွင်းအပြီး ကခုန်အောင်ပွဲခံဟန်နဲ့ ပတ်သက်လို့ အက်သလက်တီကိုဘက်က စကားလုံးစစ်ထိုးမှုတွေပြုလုပ်နေပြီး ဒီပွဲက ဗီနီရှပ်စ်အတွက်ရော၊ ရီးရဲလ်မက်ဒရစ်ရဲ့ ရာနှုန်းပြည့်နိုင်ပွဲကို ဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာအတွက်ပါ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

Share

Loading Next Article...
က္က