အကြိမ် ၂ သိန်းအထိ အခေါက်အသိမ်း လုပ်နိုင်ပါတယ်

Foldable ဖုန်းတွေမှာ ဖြစ်တတ်တဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် ထုတ်ကုန်သစ်တစ်မျိုးကို LG က ကြေညာလိုက်ပါတယ်။

           LG Corporation အောက်မှာ ရှိတဲ့ LG Chem ဟာ ဈေးကွက်ထဲက တခြားနည်းပညာတွေထက် သာလွန်တဲ့ Foldable Display သစ်ကို ထုတ်ထားကြောင်း ကြေညာခဲ့တာပါ။ LG Chem ကနေ အသစ်ထုတ်လိုက်တဲ့ display ဟာ ပလတ်စတစ်လို တွန့်ခေါက်နိုင်ပြီး မှန်လိုမျိုး မာကြောမှုရှိတယ်လို့လည်း ဆိုပါတယ်။ သုံးထားတဲ့ Material ဟာ ပါးလွှာပြီး ကွဲအက်ဒဏ်ခံနိုင်သလို ခေါက်ရာတွေကို သိသိသာသာ လျှော့ချပေးနိုင်စွမ်း ရှိမယ်လို့လည်း PCMag သတင်းက ဖော်ပြထားပါတယ်။



Photo: pcmag


           Foldable စမတ်ဖုန်းတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုက ဆက်တိုက်ခေါက်သိမ်းမှုလုပ်ချိန်မှာ Display အတွင်း ခေါက်ရာအစင်းကြီး သိသိသာသာ ပေါ်လာတာပါပဲ။ Real Folding Window နည်းပညာလို့ ခေါ်တဲ့ LG ရဲ့ ထုတ်ကုန်သစ်ဟာ ပါးလွှာတဲ့ ပိုလီအီသိုင်လင်း တီရာဖီတလိတ် PET ပလတ်စတစ်ဖလင်ပြားထိပ်မှာ အထူးထုတ်လုပ်ထားတဲ့ Coating ပုံစံနဲ့လာတာပါ။ လက်ရှိ အကြမ်းခံမှန်တွေထက် ပါးလွှာပြီး မာကျောမှုချင်းတူသလို ပလတ်စတစ်လိုလည်း ကွေးညွှတ်နိုင်မယ်လို့ ဆိုပါတယ်။

           "အခု ရှိပြီးသား ပိုလီမိုက်ဖလင်နဲ့ အကြမ်းခံ မှန်အမျိုးအစား Materials တွေနဲ့ မတူတာက LG Chem ရဲ့ Coating နည်းပညာသစ်သုတ်လိမ်းထားတဲ့ Cover Window ဟာ ကွေးညွှတ်မှု သာသလို Foldable ဖုန်းတွေမှာ အဖြစ်များတဲ့ Screen နှစ်ပိုင်းဆက်တဲ့နေရာ တွန့်ခေါက်မှုလို ပြဿနာတွေအတွက် အကောင်းဆုံးအဖြေရှာပေးနိုင်ပါတယ်။ " လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

           LG Chem ရဲ့ အဆိုအရ Real Folding Window ဟာ အကြိမ်ပေါင်း ၂ သိန်းအထိ ခေါက်သိမ်းမှုဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိမယ်လို့လည်း ဆိုပါတယ်။ ဒီနည်းပညာဟာ အတွင်းခေါက် In-Folding နဲ့ အပြင်ခေါက် Out-Folding display နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မှာပါ။ Screen တွေ ခေါက်လိုက်တဲ့ ခေါက်ချိုးအကြောင်း မထင်အောင်လည်း ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

           LG ဟာ နည်းပညာမြင့်မားတဲ့ Rollable Display ထုတ်ကုန်တွေလည်း ထုတ်လုပ်ဖို့ ပြင်နေပါတယ်။ Real Folding Window တွေကိုတော့ ၂၀၂၂ ခုနှစ်မှာ အကြီးအကျယ်ထုတ်လုပ်မှု လုပ်ဆောင်သွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ တခြားဝယ်လက်ပါတနာတွေဆီ ထုတ်ရောင်းသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က