လီဗာပူးတိုက်စစ်ကစားသမား ဆာလာဟာ မနေ့ညက လက်စတာကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ရပါတယ်။ ဧရိယာထဲတိုးဝင်လာတဲ့ ဆာလာကို လက်စတာကစားသမား အန်ဒီဒီက ချိတ်လှဲမိခဲ့တာဖြစ်ပြီး လီဗာပူးတို့ ပင်နယ်တီကန်ခွင့်ရရှိခဲ့တာပါ။
ဒီပင်နယ်တီရချိန်မှာ ဂိုးမရှိသရေကျနေတာဖြစ်ပြီး ဆာလာသာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ရင်တော့ လီဗာပူးတို့ ပွဲကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဆာလာရဲ့ ကန်ချက်ကို လက်စတာဂိုးသမား ရှမိုက်ကယ်က အကောင်းဆုံး လက်စွမ်းပြကာကွယ်သွားခဲ့တာပါ။
ဆာလာက ရှမိုက်ကယ်ရဲ့ ညာဘက်ကို ကန်သွင်းခဲ့တာဖြစ်ပြီး ရှမိုက်ကယ် ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကိုလည်း ထပ်ဆင့်ခေါင်းတိုက်ခဲ့သေးပေမယ့် ဘောလုံးက ဂိုးဘားတန်းကို ထိထွက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လက်စတာအတွက် တလုံးတည်းသော အနိုင်ဂိုးကို လွတ်ခ်မန်းက သွင်းယူပေးခဲ့ပြီး လီဗာပူးတို့ ရှုံးနိမ့်ခဲ့တာကြောင့် ခြေချော်ခဲ့ရပါတယ်။
ဒီအတွက် ဆာလာရဲ့ ပင်နယ်တီလွဲချော်မှုက အဓိကျတဲ့နေရာမှာရှိနေပြီး ဆာလာ ပင်နယ်တီမကန်ခင်မှာ လက်စတာ ကွင်းလယ်လူ မက်ဒီဆန်က ဆာလာကို တခုခုလှမ်းပြောကာ အာရုံနောက်အောင် ပြုလုပ်ခဲ့တယ်လို့ ရုပ်သံတွေက ဖော်ပြနေပါတယ်။
မက်ဒီဆန်ပြောဆိုတဲ့စကားတွေကို အတိအကျ မသိရပေမယ့် ဒီကစားသမားက ဆာလာကို သေချာပေါက် အာရုံနောက်အောင် လုပ်ခဲ့တာတွေ့ရပြီး ဒီအပေါ်မှာ လီဗာပူးကစားသမားတွေက ပင်နယ်တီမကန်ခင်တည်းက သွားရောက် စောဒကမတက်ခဲ့တာကိုလည်း ပရိသတ်တယောက်က ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ထားပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း လီဗာပူးနည်းပြ ကလော့ပ်က “မက်ဒီဆန်က ဆာလာကို တခုခုပြောခဲ့မယ်ဆိုတာ သေချာတာပေါ့။ လူတိုင်း ဒီလိုမျိုး ကြိုးစားကြပါလိမ့်မယ်။ ဆာလာက ပုံမှန်ဆို ဒီလိုအနေအထားတွေကနေလည်း ဂိုးသွင်းနေကျပါ။ ဒါပေမယ့် ဒီညတော့ ဂိုးမရခဲ့ပါဘူး” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။