မနေ့ညက ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ လေဗာကူဆင်က တည်ငြိမ်တဲ့ပုံစံနဲ့အတူ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲက ပထမအကျော့အတွက် ကစားခဲ့တာဖြစ်ပြီး လေဗာကူဆင်က မိနစ် (၈၀) နောက်ပိုင်း သွင်းဂိုးတွေနဲ့ နိုင်ပွဲရရှိခဲ့တာပါ။
ပွဲကစားချိန် (၈၃) မိနစ်မှာမှ လေဗာကူဆင်အတွက် အဖွင့်ဂိုးကို ဟော့ဖ်မန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို ဘိုနီဖေ့စ်က မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၁) မိနစ်မှာ သွင်းယူပေးခဲ့ပြီး လေဗာကူဆင်တို့ နောက်တစ်ဆင့်အတွက် ခြေတစ်လှမ်း ကြိုလှမ်းနိုင်ခဲ့တာပါ။
ဒါ့အပြင် ဒီနိုင်ပွဲကြောင့် လေဗာကူဆင်တို့ ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကိုလည်း ရှေ့ဆက်နိုင်ခဲ့ပါတယ်။ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်နဲ့ အခု ယူရိုပါလိဂ် ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ ပြိုင်ပွဲစုံမှာ ဗိုလ်စွဲဖို့ အကောင်းဆုံး ရှေ့ဆက်နေခဲ့တာဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါမှာ တစ်ပွဲနိုင်ရုံနဲ့ ချန်ပီယံဖြစ်တော့မယ့်အပြင် ဂျာမန်ပိုကယ်ဖလားပွဲမှာလည်း ဗိုလ်လုပွဲအဖြစ် ကိုင်ဇာစလော့တန်နဲ့ရင်ဆိုင်ရဖို့ပဲ ကျန်ပါတော့တယ်။ အဲ့ဒါကြောင့် ပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်ဖို့ အလွန်ဆိုနဲ့ လေဗာကူဆင်အသင်းသားတွေအတွက် အခွင့်အရေးကောင်းနေပါပြီ။
အခု ယူရိုပါလိဂ်မှာလည်း လေဗာကူဆင်နဲ့အပြိုင် ရေပန်းအစားဆုံးဖြစ်နေတဲ့ လီဗာပူးက မနေ့ညက အတ္တလန်တာနဲ့ ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲမှာတင် သုံးဂိုးပြတ်အထိ ရှုံးနိမ့်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း အလွန်ဆိုအနေနဲ့ လေဗာကူဆင်နဲ့အတူ ဥရောပမှာပါ အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်မလား စောင့်ကြည့်ရတော့မှာပါ။