ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာတော့ လီဗာပူးလ်ဟာ ဗီလာရီးရဲလ်ကို ၂ ဂိုးအရှုံးကနေ ၃ ဂိုးပြန်သွင်းပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။ ဒီလိုတက်ရောက်နိုင်မှုနဲ့အတူ သူတို့ဟာ အင်္ဂလန်မှာ ဘယ်အသင်းကမှ မလုပ်ပြနိုင်ဖူးတဲ့ မှတ်တမ်းကိုလည်းရေးထိုးနိုင်ခဲ့ပြီး အသင်းနည်းပြယာဂင်ကလော့ပ်ကလည်း ဗိုလ်လုပွဲ ၄ ကြိမ်အထိ တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။
လီဗာပူးလ်ကတော့ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား (ဗိုလ်စွဲပြီး) ဗိုလ်လုပွဲတွေကို တက်ရောက်နိုင်ခဲ့ပြီး အခုအခါမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့လို့ ဝင်ပြိုင်သမျှ ပြိုင်ပွဲအားလုံးမှာ ဗိုလ်လုပွဲရောက်တဲ့ ပထမဆုံးအင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့တာပါ။ ဒါ့အပြင် သူတို့ရဲ့ ဆုဖလားလေးလုံးမျှော်လင့်ချက်ကိုလည်း အသက်သွင်းထားနိုင်ဆဲဖြစ်ပါတယ်။
အင်္ဂလန်မှာ တရာသီအတွင်း အဓိကဆုဖလား ၃ လုံးကို ဆွတ်ခူးနိုင်တဲ့အသင်းအဖြစ် ၁၉၉၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းက စွမ်းဆောင်ခဲ့ဖူးပါတယ်။ ဒိမှတ်တမ်းကို အခုချိန်ထိ ဘယ်အသင်းကမှ လိုက်မမီသေးဘဲရှိနေခဲ့ပြီး လီဗာပူးလ်ကတော့ အဆိုပါမှတ်တမ်းကို လိုက်မီရုံမက ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးကိုပါ ပိုင်ဆိုင်နေပြီး စွမ်းဆောင်နိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။
ချန်ပီယံလိဂ်ဖလား ၆ ကြိမ်ဆွတ်ခူးထားတဲ့ လီဗာပူးလ်တို့ ၇ ကြိမ်မြောက်ဆွတ်ခူးဖို့အတွက်လည်း ၁ ပွဲတည်းသာ ကျော်ဖြတ်ရတော့မှာပါ။ ဒီနေ့ညကစားမယ့် ရီးရဲလ်မက်ဒရစ်-မန်စီးတီးပွဲစဉ်မှာ အနိုင်ရအသင်းနဲ့ တွေ့ဆုံမှာဖြစ်ပြီး လက်ရှိသူတို့ရဲ့ခြေစွမ်းအရတော့ ဗိုလ်လုပွဲမှာ ဘာမဆိုလုပ်ပြနိင်စွမ်းလည်းရှိနေလို့ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာကောင်းလာခဲ့ပါပြီ။