ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ရာသီသစ်မှာ အသင်းရဲ့ အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပုံမှန်အသုံးပြုနေကျ ဗဟိုနောက်ခံလူနေရာမဟုတ်ဘဲ အခြားနေရာတွေမှာ ပြောင်းလဲ အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။
မာတီနက်ဇ်ဟာ တန်ဟက်ခ်နဲ့အတူ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ အေဂျက်စ်နောက်ခံလူဟောင်းပါ။ သူ့ရဲ့ မာကျောတဲ့ ကစားဟန်၊ စိတ်ဓာတ်တွေကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။
အခုနွေရာသီမှာ ယူနိုက်တက်က လိုင်လီနောက်ခံလူ ယိုရိုကို ခေါ်ယူထားပြီး မာတီနက်ဇ်နဲ့ သူနဲ့ကို တွဲပေးမယ်လို့ အားလုံးက မျှော်လင့်ထားကြတာပါ။ ဒါပေမယ့် တန်ဟက်ခ်ကတော့ မာတီနက်ဇ်ကို ဘယ်နောက်ခံလူနေရာ ဒါမှမဟုတ် ကွင်းလယ်ခံစစ်နေရာမှာ အသုံးပြုဖို့ ရည်ရွယ်နေကြောင်း သတင်းအချို့က ဆိုပါတယ်။
ဘယ်နောက်ခံလူနေရာမှာ ကစားနေတဲ့ လုခ်ရှော၊ မာလာစီယာတို့က ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေ အမြဲရှိနေတာကြောင့် တန်ဟက်ခ်က ဒီနေရာအတွက် မာတီနက်ဇ်ကို အသုံးပြုဖို့ ရည်ရွယ်လာခဲ့တာပါ။ ဗဟိုနောက်ခံလူနေရာအတွက်တော့ ဒီလစ်ဂ် ဒါမှမဟုတ် ဘရန့်ဝိတ်ကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားသွားဖွယ်ရှိနေပါတယ်။