ကလော့ပ်က မာနေး အသင်းကထွက်မှာကို ကြိုသိခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ လီဗာပူးနဲ့အတူ နောက်ထပ်နှစ်နှစ် စာချုပ်သက်တမ်းတိုးချိန်မှာတည်းက မာနေး အသင်းက ထွက်ဖို့ ဖိအားပေးလာမှာကို ကြိုတင်သိရှိထားတယ်လို့ ဗြိတိန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမကုန်ခင်မှာ လီဗာပူးနဲ့ (၂၀၂၆) အထိ ဆက်ရှိမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။



ကလော့ပ်ဟာ လီဗာပူးကစားသမားတွေနဲ့ ပတ်သက်လာရင် ကွင်းတွင်းမှာသာမက ကွင်းပြင်ပ ပြဿနာတွေကိုပါ ကောင်းကောင်းသိရှိနားလည်နေပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ မာနေး အသင်းကထွက်ဖို့ ဆန္ဒရှိနေတာကိုလည်း ကြိုတင်သိရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ မာနေးအသင်းကထွက်မယ်ဆိုတဲ့သတင်းတွေကို တိကျသေချာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။

မာနေးဟာ ဒီမတိုင်ခင်တည်းက ဆုံးဖြတ်ချက်ချပြီးဖြစ်ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားဖို့ရှိနေတာကြောင့် အသင်းကို လေးစားမှုထားတဲ့အနေနဲ့ အခုလိုပဲ ရာသီသိမ်းပြီးမှ ပြောဖို့ စီစဥ်ခဲ့တာပါ။ မာနေးဟာ လီဗာပူးမှာ တပတ်လုပ်ခ ပေါင် (၁) သိန်းသာရရှိနေပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာပါ။

လီဗာပူးမှာ အားကစားဒါရိုက်တာအပြောင်းအလဲဖြစ်ပြီးတည်းက ကလော့ပ်ဟာ ကြီးမားတဲ့ခေါ်ယူမှုတွေ ပြန်လည်ပြုလုပ်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ကလော့ပ်ဟာ မာနေး အသင်းကထွက်မှာကို ကြိုသိထားတဲ့အပြင် ဂျိုးဂိုးမက်ဇ်၊ ချိန်ဘာလိန်တို့လည်း အသင်းက ထွက်ဖို့ ဖိအားပေးလာမှာကို စာချုပ်သစ်ချုပ်တည်းက သိရှိခဲ့တယ်လို့ဆိုပါတယ်။

ဆာလာနဲ့ပတ်သက်လို့လည်း လီဗာပူးက စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးပါဘူး။ ဒါပေမယ့် ဒီကစားသမားအနေနဲ့ကတော့ အသင်းနဲ့ စာချုပ်သစ်မချုပ်ဖြစ်သည့်တိုင် လာမယ့်ဘောလုံးရာသီကုန်အထိ လီဗာပူးမှာပဲ ဆက်ကစားသွားဖို့ ပြင်ဆင်ထားပါတယ်။ 

Share

က္က