လက်ရှိဘောလုံးရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဘရန့်ဖို့ဒ်ဟာ မြန်မာပြည်သူလူထုရဲ့ အခိုင်အမာ အားပေးမှုကိုရရှိထားပြီး ဒီရာသီမှာလည်း အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။
ရာသီအဖွင့်ပွဲမှာတင် နာမည်ကြီး အာဆင်နယ်ကို အိမ်ကွင်းမှာ အသာစီးကစားပြီး နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့အပြင် လီဗာပူးကိုလည်း အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ တဖက် သုံးဂိုးစီသရေကစားပြခဲ့တာပါ။ ချဲလ်ဆီးနဲ့ပွဲမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးသမား မန်ဒီသာ လက်စွမ်းမပြနိုင်ခဲ့ရင် ချဲလ်ဆီးတို့ ကံကောင်းနိုင်မှာမဟုတ်ဘဲ ဘရန့်ဖို့ဒ်ရဲ့ အထင်ကြီးစရာခြေစွမ်းကို အားလုံးက တခုတ်တရချီးကျူးခဲ့ရပါတယ်။
လက်ရှိအချိန်မှာလည်း ဘရန့်ဖို့ဒ်က သူတို့အနေနဲ့ လာမယ့် (၂၀၂၂-၂၃) ရာသီအတွက် အိမ်ကွင်းဂျာစီအသစ်ကို ထုတ်လုပ်သွားမှာမဟုတ်ဘဲ လက်ရှိဂျာစီကိုသာ ဝတ်ဆင်သွားမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုမျိုးလုပ်ရတဲ့အကြောင်းရင်းကတော့ အသင်းကိုအားပေးတဲ့ ပရိသတ်တွေအနေနဲ့ ပိုက်ဆံချွေတာနိုင်ဖို့ဖြစ်ပြီး နောက်ထပ်အရေးကြီးဆုံးအနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဥ်တွေကို တကမ္ဘာလုံးက တက်ညီလုပ်ညီလုပ်ဆောင်နေကြပြီး ဘရန့်ဖို့ဒ်ကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်မျက်နှာကိုလည်းကြည့်ရင်း၊ သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းနိုင်ဖို့ အခုလိုစီစဥ်ခဲ့တာပါ။ ပုံမှန်အားဖြင့် ကလပ်အသင်းတွေက ဘောလုံးရာသီအသစ်တခုအတွက် ဂျာစီအသစ်တွေ အပြိုင်အဆိုင် ဖန်တီးထုတ်လုပ်လေ့ရှိကြပါတယ်။
ဂျာစီရောင်းအားက အသင်းရဲ့လူကြိုက်များမှုအပေါ် မူတည်ပြီး နာမည်ကြီးအသင်းတွေအတွက်ဆိုရင် ဒီဂျာစီရောင်းချမှုကတဆင့် ခိုင်မာတဲ့ငွေဝင်လမ်းကြောင်းတခုဖြစ်နေတာပါ။ လက်ရှိအချိန်မှာ အသင်းတွေက အိမ်ကွင်း၊ အဝေးကွင်းဂျာစီအပြင် တတိယဂျာစီတွေကိုပါ ဒီဇိုင်းဆန်းဆန်းတွေနဲ့ အပြိုင်အဆိုင် ဖန်တီးနေကြပါပြီ။
ဒီလိုအခြေအနေမျိုးမှာ ဘရန့်ဖို့ဒ်က သူတို့ရဲ့အိမ်ကွင်းဂျာစီအတွက် အခုလိုပဲ ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာက ပရိသတ်တွေအတွက်တော့ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်အချို့ကတော့ အခြားသော ကလပ်အသင်းတွေလည်း ဘရန့်ဖို့ဒ်ကို အတုယူသင့်တယ်လို့ဆိုနေကြပြီး နာမည်ကြီးအသင်းတွေအတွက်တော့ ဒါကမဖြစ်နိုင်တဲ့ကိစ္စတရပ်လို့ သုံးသပ်ရမှာပါ။