အနုပညာလောကနဲ့ (၅)နှစ်ကျော် ကြာ ဝေးကွာနေခဲ့တဲ့ သရုပ်ဆောင် နဝရတ်ဟာ မတ်လ(၂၃) ရက်နေ့က ပြုလုပ်တဲ့ ပွဲတစ်ပွဲနဲ့အတူ ပရိသတ်တွရှေ့မှော်သို့ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
မိဘနှစ်ပါးရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ နားပြီး မိဘတွေကို ပြုစုနေရင်းက မိဘတွေ ကွယ်လွန်ပြီး နောက်မှာလည်း အနုပညာအလုပ်တွေ ပြန်မလုပ်တော့ဘဲ မိဘတွေ ခေါင်းချခဲ့တဲ့ ပြင်ဦးလွင်မှာပဲ ခွေးလေးတွေနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်။
“အခုတော့ ဘာမှမလုပ်ဘဲ ခွေးလေးတွေနဲ့ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေတယ်။ ခွေး Spa လေးလည်း ဖွင့်ထားတော့ အဲ့ဒါလေးတွေနဲ့ပဲ အချိန်ကုန်ဖြစ်နေတယ်ပေ့ါ။ ကလေးတွေက အရမ်းချစ်တာ။ အစ်မကို အခုလည်း မခွဲဖူးဘူး တစ်ခါမှလေ အခု ရန်ကုန်လာတော့လည်း လွမ်းပြီးကျန်နေခဲ့ရရှာတယ်။ ကြွေးဟောင်းပြီးတော့ ကြွေးသစ် ဆပ်နေရတာပေ့ါ” ဆိုပြီး သူမရဲ့ လတ်တလောလှုပ်ရှားမှုလေးကို ပြောပြခဲ့ပါသေးတယ်။
Photo : David photography
ပြင်ဦးလွင်ကနေ ရန်ကုန်ဆင်းလာတဲ့ အချိန်မှာတောင် ခွေးကလေးတွေကို ထားခဲ့ရလို့ အရမ်းစိတ်မကောင်း ဖြစ်မိနေသလို သူမရဲ့ သံယောဇဥ် ကြီးမှုတွေကြောင့်လည်း ဘဝအတွက် တွယ်တာ စရာမရှာ ဖြစ်တော့တာလို့ ဆိုပါတယ်။
“ကိုယ်ကမျှော်မှန်းရင် မျှော်မှန်းသလောက် ပြန်မရတတ်ဘူး။ သားသမီးယူတာတို့ဘာတို့ဆိုလည်း အဲ့ဒီတိုင်းပေ့ါ။ တစ်ချိန်ခွဲခွာသွားကြမှာသိတော့ အဲ့ဒီခံစားချက်တွေကို မခံစားနိုင်တာ အဲ့ဒါကြောင့် မသေချာတဲ့ အလုပ်ကို မလုပ်တာပါ။ တိလေးတွေ ရှိတော့ အဖော်ရှိသလို ခံစားရတယ် အဲဒီအတွက် အဖော်လည်း ရှာစရာမလိုဘူးလို့ ခံစားရတယ်။ တွေ့မှာစိုးလို့တောင် တွေ့မယ်နေရာတွေ မသွားဘူး” ဆိုပြီး အိမ်ထောင်မပြုတော့ဘူးလားဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေပေးခဲ့တာဖြစ်ပါတယ်။
အနုပညာအလုပ်တွေနဲ့ (၅)နှစ်ကျော်ကြာ ဝေးကွားခဲ့တဲ့ သူမကို ပရိသတ်တွေက ယနေ့တိုင် သတိတရနဲ့ ရှိနေဆဲပါ။ ပီပင်လွန်းလှတဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေကို တီဗီဖန်သားထက်၊ ပိတ်ကားထက်မှာ ပြန်လည် မြင်တွေ့ချင်ကြပေမယ့် သူမကတော့ အနုပညာအလုပ်တွေကို ဆက်လုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။မိခင်ရဲ့ သဘောကျ အနုပညာအလုပ်တွေကို လုပ်ခဲ့ပြီး ကျရာဇာတ်ရုပ်များကို ပီပီပြင်ပြင် သရုပ်ဆောင် နိုင်ခဲ့တဲ့ သူမအနေနဲ့ ပရိသတ်တွေအတွက် တာဝန်ကျေပြီလို့ ခံစားရတာဖြစ်လို့ အနုပညာအလုပ်တွေကို ပြန်မလုပ်ဖြစ်တော့တာပါတဲ့။ သူမ အကယ်ဒမီရမယ်လို့ ပရိသတ်တွေ မျှော်လင့်ခဲ့တဲ့ ဇာတ်ကားတွေရှိခဲ့ပေမဲ့ မရရှိခဲ့သေးတဲ့အပေါ်မှာလည်း သူမက ဖြေသိမ့်နိုင်ခဲ့ပါပြီ။
“ အမ က ဒီအနုပညာအလုပ်ကို ဝါသနာကို မပါခဲ့တာ သရုပ်ဆောင် ဆိုတာ အမေ့ကြောင့် ဖြစ်ခဲ့တာပေ့ါ။အမေက ထုတ်လုပ်သူ ဆိုတော့ ဇာတ်ကားတွေ ရိုက်ခိုင်းတယ်။ ကိုယ်ကလည်း အနုပညာမျိုးရိုး သွေးပါတော့ အိုက်တင်တွေ လုပ်လိုက်တိုင်း mood ဝင်သွားပြီး ကွက်တိကျသွားတာ။ အခု အမေလည်း မရှိတော့ဘူးဆိုတဲ့ အနုပညာအလုပ်တွေလည်း မလုပ်ချင်တော့ဘူး၊ ပင်ပန်းလို့လေ ပင်ပန်းတဲ့အလုပ်ဆို ဘာမှကို မလုပ်ချင်တာ။ ကိုယ့်အနေနဲ့လည်း လုပ်သင့်တာလည်း လုပ်ပြီး သွားပြီ ဒီထက်ပိုပြီးလည်း လုပ်စရာ မရှိတော့ဘူး။အဲ့ဒီ အတွက် ကျေနပ်တယ် ပရိသတ်ကို ကိုယ်တက်တဲ့အနုပညာနဲ့ အားလုံး တင်ဆက်ခဲ့ပြီးသွားပြီ ဆိုတော့ ကိုယ်က တာဝန်ကျေသွားပြီလို့ ထင်တယ်။ပရိသတ်တွေ ပေးတဲ့ ဆုလည်း ရခဲ့ပြီးသွားပြီဆိုတော့ စိတ်ချမ်းသာတယ်၊ ကျေနပ်တယ်” လို့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။
Photo : David photography
သရုပ်ဆောင် နဝရတ်ဟာ မင်းသားကြီး ကျော်ဟိန်းရဲ့ သွန်သင်မှုတွေနဲ့အတူ သရုပ်ဆောင်ပိုင်းမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပြီး တခြားသော သရုပ်ဆောင်များနဲ့မတူ တမှုထူးခြားတဲ့ အိုက်တင်၊အမှုအယာတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့ထိတိုင် ဆွဲထင်ကျန်နေတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင် အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ တည်ထောင်ပြီး နာမည်ကြီး ဇာတ်ကားများကို ထုတ်လုပ်ရိုက်ကူးခဲ့သူ ဖြစ်ကာ သူမကိုယ်တိုင်ပါဝင်ထားတဲ့ “တိမ်မင်းသမီး၏ ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကား” မှာ ပရိသတ်တွေက ထုတ်လုပ်သူဆုနဲ့ သရုပ်ဆောင် ထူးချွန်ဆုများ ရရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း အကယ်ဒမီနဲ့လွဲချော်ခဲ့ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနားခဲ့ကာ အေးချမ်းတဲ့ ဘဝလေးမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများလုပ်ကိုင် ခွေးလေးတွေနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာလည်း တွေ့ရပါတယ်။
Share