လူတန်တောင်းကတော့ ပလေးအော့ဖ်ဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာတော့ လူတန်တောင်းက ကိုဗင်ထရီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူဗိုလ်စွဲကာ လာမယ့် ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့ပါတယ်။ ဒီနှစ်သင်းဟာ အသင်းကောင်းနှစ်သင်းဖြစ်တဲ့ ဆန်းဒါးလန်း၊ မစ်ဒယ်ဘရော့တို့ကို ကျော်ဖြတ်ခဲ့တာပါ။



ဗိုလ်လုပွဲမှာတော့ နှစ်သင်းလုံးက အကြိတ်အနယ်ကစားခဲ့ရပြီး ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ နှစ်သင်းလုံး သိသိသာသာ ကျသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး လူတန်က အနိုင်ဂိုးရရှိခဲ့ပေမယ့် VAR က လက်ထိဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာလည်း ပရိသတ်တွေအတွက် ရင်ခုန်ခဲ့ရပါတယ်။

နှစ်ဖက်အသင်းက ပထမဆုံး ကန်သွင်းခဲ့တဲ့ ပင်နယ်တီ (၁၁) လုံးက လိဂ်ချန်ပီယံရှစ်က အသင်းနှစ်သင်း ကန်သွင်းတယ်လို့တောင် ထင်ရက်စရာမရှိဘဲ အဆင့်အတန်းမြင့်် ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဗင်ထရီက ဒါဘို ပင်နယ်တီ မဝင်ခဲ့တာကြောင့် လူတန်တောင်းတို့ ပင်နယ်တီအဆုံးအဖြတ် ၅-၆ ဂိုးနဲ့ အနိုင်ရရှိကာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

လူတန်တောင်းဟာ အသင်းတည်ထောင်ခဲ့တဲ့ (၃၁) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးလိဂ်၊ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့တာပါ။ လူတန်တောင်းဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပဥ္စမတန်းလိဂ်ဖြစ်တဲ့ Non-League မှာ လွန်ခဲ့တဲ့ (၁၀) နှစ်ကမှ ကစားနေခဲ့ပြီး ဒီအတွင်းမှာလည်း (၅) ကြိမ်အထိ တန်းဆင်းခဲ့ရပါတယ်။

ဒါ့အပြင် အသင်းကလည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရမှတ်လျှော့ပြစ်ဒဏ်တွေ ချမှတ်ခံရမှုကလည်း စုစုပေါင်း အမှတ် (၄၀) အထိ ရှိခဲ့ဖူးပါတယ်။ လက်ရှိမှာ သူတို့အသင်းက ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိတာကြောင့် ဆုကြေးငွေ ပေါင်သန်း (၂၀၀) နီးပါး ရရှိမှာဖြစ်ပြီး ပရိသတ် (၂) သောင်းတောင် ဝင်မဆံ့တဲ့ အိမ်ကွင်းကို အဆင့်မြှင့်တင်ဖို့ ငွေကြေး သုံးစွဲသွားရဖွယ်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က