အော်တာမန်ဒီရဲ့အနီကတ်ဖြစ်ရပ်ကတော့ တော်တော်ထူးဆန်းခဲ့ပါတယ်။

လက်ရှိ ဘင်ဖီကာမှာ ကစားနေတဲ့ မန်စီးတီး နောက်ခံလူဟောင်း အော်တာမန်ဒီကတော့ မနေ့ညက ကစားခဲ့တဲ့ ပေါ်တိုနဲ့ ပွဲမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပေါ်တူဂီဖလားပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲမှာ ပေါ်တိုက ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့တာပါ။



ပုံမှန်အားဖြင့် ဘောလုံးပွဲတပွဲမှာ အနီကတ်တွေ၊ အဝါကတ်တွေ မြင်ရတာ မထူးဆန်းပေမယ့် မနေ့ညက အော်တာမန်ဒီရဲ့ အနီကတ်ကတော့ ပရိသတ်တွေအတွက် တော်တော်လေး ရယ်စရာကောင်းခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပို (၄) မိနစ်မှာ ပေါ်တိုတိုက်စစ်က လူးဝစ်ဒီယက်ဇ် ဘောလုံးရယူဖို့ ကြိုးစားတဲ့နေရာမှာ အော်တာမန်ဒီက တံတောင်နဲ့ သိသိသာသာ ဝင်တားခဲ့တာပါ။

အော်တာမန်ဒီရဲ့ ကစားပုံက တော်တော်လေး ကြမ်းတမ်းခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီယက်ဇ်ကို သူက တံတောင်နဲ့ ရိုက်ခဲ့ပြီးနောက် သူ့မျက်နှာသူအုပ်ပြီး သူပါဒဏ်ရာရသွားတဲ့ဟန်နဲ့ ကွင်းထဲမှာ လူးလှိမ့်ပြခဲ့ပါတယ်။

တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့လုပ်ရပ်လို့ သုံးသပ်ရမှာဖြစ်ပြီး ကွင်းလယ်ဒိုင်ကတော့ မဆိုင်းမတွဘဲ အော်တာမန်ဒီကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

အော်တာမန်ဒီဟာ ပြီးခဲ့တဲ့ (၂၀၂၀)၊ စက်တင်ဘာမှာ မန်စီးတီးကနေ ဘင်ဖီကာကို ပြောင်းရွှေ့ကြေး ပေါင် (၁၃.၇) သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ ဘင်ဖီကာနည်းပြ ဂျော့ချ်ဂျီးဆပ်စ် လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရရှိနေတာပါ။ အော်တာမန်ဒီဟာ ဒီရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ (၂၃) ပွဲ ပါဝင်ကစားပေးထားပြီး အသင်းရဲ့ အဓိကနောက်ခံလူအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် မနေ့ညကဖြစ်ရပ်အတွက်တော့ အော်တာမန်ဒီတယောက် ကောင်းကောင်းလှောင်ပြောင်ခံနေရပြီး အချို့ကတော့ အရှက်မရှိတဲ့ ဟန်ဆောင်လုပ်ရပ်အဖြစ် အော်တာမန်ဒီကို ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က