နယူးကာဆယ်တိုက်စစ်မှူးအလက်ဇန်ဒါးအိုင်ဆက်ခ်ကတော့ ညက အဲဗာတန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ အံ့အားသင့်ဖွယ်ကောင်းလှတဲ့ Dribble ကို ပြသွားခဲ့ပြီး အဲဗာတန်ကစားသမားတွေကို တခြားကမ္ဘာတခုရောက်သွားသလို ဖြစ်စေခဲ့ပါတယ်။ အဲဗာတန်ကစားသမား ၄ ဦးလောက်ကို ကျော်ဖြတ်ပြီးတော့ အသင်းဂိုးရအောင် သူက ကူညီပေးနိုင်ခဲ့တာပါ။
ကွင်းလယ်မှာ ဘောလုံးရရှိခဲ့ပြီးနောက် အိုင်ဆက်ခ်က တောက်လျှောက်ဆွဲပြေးသွားခဲ့ပြီး အဲဗာတန်ကစားသမားတွေကို အကြိမ်ကြိမ်အခါခါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဂိုးစည်းဘေးနားမှာပဲ သူက ကစားသမားနှစ်ဦးကြားကနေ ဘောလုံးကို မရရအောင် ဆွဲထုတ်သွားခဲ့ပြီးတော့ ဂိုးစည်းလိုင်းအတိုင်းဆွဲပြေးပြီး ဂိုးရှေ့ကန်တင်ပေးခဲ့ရာမှာ အသင်းဖော်က ဂိုးရအောင် ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။
သူ့ရဲ့ ဒီအခိုက်အတန့်ကို အားလုံးက ချီးကျူးနေကြပြီး ဒီရာသီရဲ့ အကောင်းဆုံးအခွင့်အလမ်းတခုကို ဖန်တီးပေးနိုင်မှုလို့ ချီးကျူးနေကြပါပြီ။ ဒီရာသီကမှ ရီးရဲလ်ဆိုဆီဒက်နေ နယူးကာဆယ်ကို ပြောင်းရွှေ့လာတဲ့ အိုင်ဆက်ခ်က အစောပိုင်းမှာ ခြေစွမ်းပြဖို့ အထနှေးခဲ့ပေမယ့် အခုတော့ ဆက်တိုက်ကို ခြေစွမ်းပြနေပြီး လိဂ်ပွဲ ၁၆ ပွဲမှာ ၁၀ ဂိုးအထိ သွင်းထားပြီးပါပြီ။
အသက် ၂၃ နှစ်ပဲရှိသေးပြီး ဆွီဒင်ရဲ့ ဇလာတန်လက်သစ်လို့ တင်စားခံထားရသူလည်းဖြစ်ပါတယ်။ ဒေါ့မွန်မှာကတည်းက သူက တောက်ပနေခဲ့တာဖြစ်ပြီး ဆိုဆီဒက်ကိုရောက်ခဲ့ချိန်မှာ အားထားရတဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပါသေးတယ်။ အခုတော့ နယူးကာဆယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအေင် ကြိုးပမ်းနေမှုမှာလည်း သူက အဓိကကစားသမားအဖြစ် ပါဝင်ပတ်သတ်လို့နေပါပြီ။
နောက်ရာသီဆိုရင် ဒီထက်အများကြီးပိုကောင်းလာမယ်ဆိုတာလည်း သေချာပါတယ်။ ကာဆယ်အတွက် တိုက်စစ်မှူးကောင်းတဦးပိုင်ဆိုင်ထားပြီဖြစ်သလို ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့်သူ တဦးလည်း တိုးလာခဲ့ပါပြီ။