မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်ဇ်နည်းပြအီရစ်တန်ဟက်ဂျ်ကို အင်တာဗျူးပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ Daily Mail သတင်းထောက်တွေရဲ့ ပြောဆိုမှုကို နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး ဒီတပတ်အတွင်းမှာပဲ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီအင်တာဗျူးမှာတော့ တန်ဟက်ဂျ်ရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို ယူနိုက်တက်ဘက်က သဘောကျနေတယ်လို့ သိရပါတယ်။ နည်းပြရဲ့ ဘာသာစကားကျွမ်းကျင်မှုအဆင့်က ကစားသမားတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ အရေးပါတဲ့အခန်းကဏ္ဍက ရှိနေတာဖြစ်ပြီး ဒီလိုပြုလုပ်နိင်တဲ့အနေအထားတခုမှာ ရှိနေတယ်လို့လည်း ယူနိုက်တက်ဘက်က ခံစားခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်အတွက်တော့ အခြားသောအကြောင်းအရာအများအပြားကို ထည့်သွင်းစဉ်းစားရဦးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နည်းပြသစ်အဖြစ် လျာထားတဲ့ အခြားသောနည်းပြတွေကိုလည်း အင်တာဗျူးဖို့အတွက် ဘုတ်အဖွဲ့က စီစဉ်ထားတယ်လို့ ရိုမာနိုက ဖော်ပြခဲ့ပြီး ဘယ်သူတွေလဲဆိုတာကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။