ဘာကြောင့်လဲဆိုရင်တော့ အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအနေနဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ နောက်ထပ် (၄) နှစ်ကြာ ဆက်ရှိနေဦးမယ်ဆိုပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ ဘောလုံးလောကကို ကျောခိုင်းသွားနိုင်ဖွယ်ရှိတယ်လို့ ဒိုလိုရက်စ်ကဆိုခဲ့တာဖြစ်ပါတယ်။
အသက် (၆၆) နှစ်အရွယ် ဒိုလိုရက်စ်ဟာ ရော်နယ်ဒိုအနီးအနားမှာ အမြဲတမ်းရှိနေပြီး ရော်နယ်ဒိုအတွက် တန်ဖိုးဖြတ်မရတဲ့ လူပုဂ္ဂိုလ်တစ်ဦးပါ။ ရော်နယ်ဒိုဟာ ဘောလုံးသမားဘဝမှာတည်းက အသင်းအတွက် လိုအပ်လာပြီဆိုရင် ကွင်းဘေးစည်းကနေ နည်းပြနဲ့အပြိုင် အသင်းသားတွေကို ညွှန်ကြားမှုတွေ ပြုလုပ်လေ့ရှိတာကြောင့် ကစားသမားဘဝက အနားယူရင် သေချာပေါက် နည်းပြဖြစ်လာမယ်လို့ ပရိသတ်တွေက မျှော်လင့်ထားကြတာပါ။
ဒါပေမယ့် ဒိုလိုရက်စ်ကတော့ “ကျွန်မ ရော်နယ်ဒိုကို မေးပြီးပါပြီ။ တကယ်လို့ သား ဘောလုံးကစားတာ နားပြီးရင် နည်းပြဖြစ်ချင်လားလို့ပေါ့။ သူကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းချင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူ့အသက် (၄၀) အထိတော့ ဘောလုံးကစားဦးမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယူရို- ၂၀၁၆ ဗိုလ်လုပွဲအဖြစ် ပြင်သစ်နဲ့ပေါ်တူဂီတို့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် စောစောစီးစီး ကွင်းထဲက ထွက်သွားခဲ့ရပေမယ့် ဒဏ်ရာတစ်ဖက်နဲ့ပဲ နည်းပြနဲ့အပြိုင် အသင်းသားတွေကို ကွင်းဘေးကနေ အော်ဟစ်ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ဖူးတာပါ။ ရော်နယ်ဒိုဟာ ယန်းဘွိုင်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာလည်း အလားတူအပြုအမူမျိုးကို ပြုလုပ်ခဲ့ပါသေးတယ်။
ရော်နယ်ဒို ဒီလိုမျိုးမလုပ်သင့်ဘူးလို့ ဖာဒီနန်က ယူဆခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက ရော်နယ်ဒိုဘက်က ကာကွယ်ပေးခဲ့သလို စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်ကလည်း ရော်နယ်ဒိုက ယူနိုက်တက်နည်းပြဖြစ်လာနိုင်တယ်လို့ ဆိုခဲ့သေးတာပါ။
ဒါပေမယ့် ရော်နယ်ဒိုအမေရဲ့ပြောစကားအရဆိုရင်တော့ ရော်နယ်ဒိုသာ ကစားသမားဘဝက အနားယူသွားပြီးရင် သူ့ကိုဘောလုံးကွင်းထဲမှာ ပြန်မြင်နိုင်ဖို့ မျှော်လင့်ချက်နည်းပါးသွားပြီလို့ဆိုနိုင်ပါတယ်။