အမ်ပိုလီကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရိုးမားနည်းပြမော်ရင်ဟိုတယောက် တော်တော်လေးအူမြူးနေခဲ့ပါတယ်။ ရိုးမားဟာ အဝေးကွင်းမှာ ပြိုင်ဘက်ကို ၄ ဂိုးအထိ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ၂ ဂိုးပြန်ပေးရပေမယ့် အနိုင်ဂိုးတွေကို ထိန်းသိမ်းနိုင်ခဲ့ကာ လာဇီယို၊ ဖီအိုရင်တီးနားတို့ သရေပွဲတွေဖြစ်နေမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရိုးမားအတွက် အေဘရာဟမ်က ၂ ဂိုးသွင်းယူခဲ့ပြီး ဇာနီအိုလို၊ အိုလီဗီယာရာတို့က တဂိုးစီသွင်းယူခဲ့ပါတယ်။ အမ်ပိုလီက ဒုတိယပိုင်းမှာ ၂ ဂိုးအထိ ပြန်ရအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ထပ်ချေပဂိုးတွေ မရခဲ့လို့ အရေးနိမ့်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ရိုးမားဟာ အဆင့် ၆ နေရာမှာ ရမှတ် ၃၈ မှတ်နဲ့ ရပ်တည်နေပြီး အဆင့်လေးနေရာက အတ္တလန္တာနဲ့ ၅မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။
"ကျနော်တို့ ပွဲကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် ဒါက ကြီးမားတဲ့အောင်မြင်မှုတခုပါ၊ အမ်ပိုလီကွင်းမှာ ၄-၂ နဲ့ အနိုင်ရဖို့ဆိုတာက မလွယ်ကူလှပါဘူး၊ လာဇီယို၊ အတ္တလန္တာနဲ့ ဖီအိုရင်တီးနားတို့ အမှတ်တွေအကုန်လျော့ထားတော့ ဒီပွဲကို အနိုင်ရဖို့က ကျနော်တို့အတွက်အရေးကြီးမှန်းသိတယ်၊ လုပ်လည်းလုပ်နိုင်ခဲ့တယ်"
"ဒုတိယပိုင်းမှာ ကျနော်တို့က ပရိသတ်တွေကိုငဲ့လိုက်လို့ပါ၊ တကယ်လို့ ၅-၀ ဖြစ်သွားမယ်ဆိုရင် သူတို့တွေ တီဗီထပိတ်ကုန်မှာစိုးလို့ ၂ ဂိုးပြန်ပေးလိုက်တာပါ" လို့ မော်ရင်ဟို အရွှန်းဖောက်ခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ ရိုးမားဟာ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့အတွက် ယှဉ်ပြိုင်နေရတာဖြစ်ပြီး အတ္တလန္တာ၊ ဂျူဗင်တပ်စ်တို့နဲ့ အပြိုင်အဆိုင်ဖြစ်နေတာလည်းဖြစ်ပါတယ်။