အသင်းရဲ့ စိတ်အားတက်ကြွမှုအတွက် မက်ဂွိုင်းရားက ပြောကြားခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းရားက ဒီကနေ့ည အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲအတွက် အဓိက စိတ်ဓာတ်လှုံ့ဆော်မှုက ပရိသတ်တွေအတွက် အနိုင်သုံးမှတ်ယူပေးဖို့ပဲလို့ ပြောကြားလိုက်ပါတယ်။ ပထမအကျော့ အိုးထရက်ဖို့ဒ်ကွင်းမှာ ထိပ်တိုက်တွေ့တုန်းကတော့ ယူနိုက်တက်တို့ ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။



အခု ဒုတိယအကျော့မှာတော့ လီဗာပူးက ဆုဖလား (၄) လုံးမျှော်လင့်ချက်အပါအဝင် ပရီးမီးယားလိဂ် ချန်ပီယံအိပ်မက်အတွက်၊ ယူနိုက်တက်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်ကြဦးမှာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးဖို့ လမ်းကြောင်းပေါ်မှာရှိနေပါတယ်။

ကာရာဘောင်ဖလားကို ဆွတ်ခူးပြီးတဲ့ လီဗာပူးဟာ အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်မှာ ဦးဆောင်သူ မန်စီးတီးရဲ့နောက် တမှတ်အကွာမှာ ရှိနေပါတယ်။ လီဗာပူးနဲ့ယူနိုက်တက်တို့ဟာ အင်္ဂလန်မှာ ခါးသီးတဲ့ပြိုင်ဘက်တွေလည်းဖြစ်ကြပါတယ်။

အဲ့ဒါကြောင့် လီဗာပူးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအိပ်မက်ကို ယူနိုက်တက်တို့ အစွမ်းကုန် တားဆီးမလား ပရိသတ်တွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားကတော့ လီဗာပူးရဲ့ ဆုဖလားလေးလုံးမျှော်လင့်ချက်က အသင်းအတွက် အဓိကစိတ်ဓာတ်လှုံ့ဆော်မှု မဟုတ်ဘူးလို့ ဆိုလာပါတယ်။

မက်ဂွိုင်းရားက “ဒီအရာက ကျနော်တို့အတွက် စိတ်ဓာတ်လှုံ့ဆော်မှုမဖြစ်နိုင်ပါဘူး။ အန်ဖီးလ်မှာ လီဗာပူးနဲ့ ရင်ဆိုင်ပြီး အနိုင်သုံးမှတ်ရတာကပဲ အသင်းနဲ့ပရိသတ်တွေအတွက် ကြီးမားတဲ့ စိတ်ဓာတ်လှုံ့ဆော်မှုပါ။ ကျနော်တို့ကတော့ အန်ဖီးလ်ကွင်းကို သွားပြီး အကောင်းဆုံးကစားမယ်၊ အနိုင်သုံးမှတ်ယူပါမယ်"”

“ဒါကပဲ ကျနော်တို့ပရိသတ်တွေအတွက် ပေးစွမ်းနိုင်တဲ့ အခိုက်အတန့်ကောင်းတွေဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားဟာ မကြာခဏဆိုသလို အမှားတွေ ကျူးလွန်နေတာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်နေရပေမယ့် ဗာရန်း ဒဏ်ရာရနေတာကြောင့် ဒီကနေ့ပွဲနောက်တန်းမှာ လင်ဒီလော့ဖ်နဲ့အတူ ပွဲထွက်လာဦးမှာ သေချာပါတယ်။ 

Share

Loading Next Article...
က္က