ဗင်နီဇွဲလားကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီက သူ့အနေနဲ့ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားအပြီးမှာ ပြန်လည်စဥ်းစားရမယ့်ကိစ္စတွေ အများကြီးရှိတဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ထားပြီးသားဖြစ်ပါတယ်။



ဒီကနေ့ မနက်ကစားခဲ့တဲ့ ဗင်နီဇွဲလားကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း မက်ဆီက အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မက်ဆီဟာ ကလပ်အသင်းကစားသမားဘဝဖြစ်တဲ့ ပီအက်စ်ဂျီမှာ ဝေဖန်မှုမျိုးစုံနဲ့ ဖိအားတွေအောက် ရောက်ရှိနေတာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပွဲအပြီးမှာလည်း မက်ဆီက “ကမ္ဘာ့ဖလားပြီးရင် ကျနော် ဘာလုပ်မလဲ မသိသေးပါဘူး။ အခုလောလောဆယ်တော့ အနီးစပ်ဆုံး ဘာလုပ်ရမလဲဆိုတာကိုပဲ စဥ်းစားနေပါတယ်။ အာဂျင်တီးနားကို ပြန်လာတိုင်း ကျနော် ပျော်ရွှင်နေရပါတယ်။ ဒီလို ခံစားရတဲ့အတွက်လည်း အားလုံးကို ကျနော် ကျေးဇူးတင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားအပြီးမှာ အာဂျင်တီးနားအတွက် ဆက်ကစားဦးမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း မက်ဆီက “အမှန်တိုင်းပြောရရင် ကျနော် မသိပါဘူး။ ဘာဆက်လုပ်ရမလဲတော့ ကျနော် စဥ်းစားမှာပါ။ လောလောဆယ်တော့ အင်္ဂါနေ့မှာ အီကွေဒေါနဲ့ ကစားမယ့်ပွဲအတွက်ပဲ စဥ်းစားပါတယ်”

“နောက်ပြီး ဇွန်နဲ့စက်တင်ဘာမှာ ပြင်ဆင်မှုတွေ လုပ်ရမှာအတွက် ကျနော် စဥ်းစားပါမယ်။ အတတ်နိုင်ဆုံး အကောင်းဆုံး နည်းလမ်းဖြစ်ဖို့ မျှော်လင့်ကြတာပေါ့။ သေချာတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားရင် ကျနော် အပြောင်းအလဲတွေ အများကြီး ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီရဲ့ ဒီပြောစကားတွေက ကစားသမားဘဝက အနားယူဖို့လား ဒါမှမဟုတ် လက်ရှိ ပီအက်စ်ဂျီမှာ မပျော်မရွှင်ဖြစ်နေတဲ့အပေါ် ရည်ရွယ်ပြီး အသင်းပြောင်းဖို့ ပြောခဲ့တာလားလို့တော့ ပရိသတ်တွေအကြားမှာ ဒွိဟဖြစ်စရာတွေရှိနေပါတယ်။ 

Share

Loading Next Article...
က္က