အင်တာမိုင်ယာမီ တိုက်စစ်ကြယ်ပွင့် မက်ဆီဟာ သူ့ရဲ့ပရိသတ်တွေအနေနဲ့ သူ့ကို God အဖြစ် တင်စားခေါ်ဝေါ်တာက အလွန်အကျူး ချီးမြှောက်ရာကျလွန်းကြောင်း ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ဘလွန်းဒီအော်ဆုကို (၇) ကြိမ်အထိ ဆွတ်ခူးထားပြီး တစ်ခေတ်တစ်ခါရဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
မက်ဆီကို သူ့ရဲ့ ပရိသတ်တွေက GOAT (ထာဝရအကောင်းဆုံးကစားသမား) အဖြစ် တင်စားခေါ်ဝေါ်ကြသလို အချို့ကလည်း မက်ဆီကို God (ဘုရားသခင်) အဖြစ်ပါ အမွှန်းတင်ခေါ်ဝေါ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး God လို့ ခေါ်ခံရတာက သူ့အတွက် စိတ်မသက်မသာဖြစ်ရကြောင်း မက်ဆီက ဖွင့်ဟလာပါတယ်။
မက်ဆီက “ဒီလိုမျိုး အခေါ်ခံရလို့ စိုးရိမ်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီလိုအခေါ်ခံရတာကို မကြိုက်ဘူးဆိုတာတော့ မှန်ပါတယ်။ ချီးကျူးခံရတာက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက လေးစားမှုရှိကြလို့လေ။ ပရိသတ်တွေက ကျွန်တော့်ကို ဘုရားသခင်လို့ခေါ်တာ မကောင်းတဲ့ရည်ရွယ်ချက်မျိုးတော့ မရှိပါဘူး”
“ဒါပေမယ့်လည်း ဒီနှစ်ခုက လုံးဝကို ဆန့်ကျင်ဘက်ပဲလေ။ ကျွန်တော့်ကို ဒီလိုမျိုး ခေါ်တာကျတော့ ချဲ့ကားလိုက်သလိုကြီးဖြစ်နေတယ် ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ မက်ဆီကို “God of Football” လို့ တင်စားပြောဆိုကြတာဖြစ်ပါတယ်။
မက်ဆီမတိုင်ခင်ကလည်း ဘောလုံးပရိသတ်တွေက အာဂျင်တီးနားဂန္တဝင်တစ်ယောက်ပဲဖြစ်တဲ့ မာရာဒိုနာကို အင်္ဂလန်နဲ့ပွဲမှာ လက်နဲ့သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် “Hand of God (ဘုရားပေးသောလက်)” လို့ တင်စား ခေါ်ဝေါ်ခဲ့ဖူးကြပါတယ်။