အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့မန်စီးတီးတို့ တစ်မှတ်စီခွဲယူသွားခဲ့တာပါ။

ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲလို့ပြောရလောက်အောင် ထိုက်တန်ခဲ့ပြီး နှစ်သင်းလုံးရဲ့ ကစားပုံက တော်တော်ကောင်းခဲ့ပါတယ်။ လိုရာရောက်ခဲ့သလို နှစ်ဖက်နည်းပြရဲ့ နည်းဗျူဟာအတိုင်း အပြည့်အဝပုံဖော်နိုင်ခဲ့ကြတယ်။ မန်စီးတီးက (၉) ရက်အတွင်းမှာ ချဲလ်ဆီး၊ PSG၊ လီဗာပူးတို့နဲ့ ရင်ဆိုင်ခဲ့ရတယ်။



ဒါပေမယ့် သူတို့တွေ ဒီပွဲကိုလည်း လန်းလန်းဆန်းဆန်းပဲ စတင်ခဲ့ကြပြီး ပထမပိုင်းမှာ လီဗာပူးကို ဆက်တိုက်ထိုးနှက်ဖို့ ကြိုးစားခဲ့တယ်။ ဖိုဒန်၊ ဒီဘရိုင်းတို့ရဲ့ အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့တာ မန်စီးတီးအတွက် နစ်နာခဲ့ပြီး အဆုံးသတ်မယ့် တိုက်စစ်မှူးစစ်စစ်မရှိခဲ့တာကြောင့် ဦးဆောင်ခွင့်မရခဲ့ပါဘူး။

အာနိုးလ်မပါနိုင်တဲ့အနေအထားမှာ မီလ်နာက ဖိုဒန်ကိုထိန်းဖို့ ကြိုးစားရင်း တော်တော်လေးရုန်းလိုက်ရပါတယ်။

မန်စီးတီးမှာ ဘယ်သူဂိုးသွင်းမလဲဆိုတာ သတ်သတ်မှတ်မှတ်မရှိပါဘူး။ ဒါက ကောင်းတဲ့အချက်ရှိပေမယ့် ဆိုးတဲ့အချက်တွေလည်းရှိပါတယ်။ ဒါအခုပွဲမှမဟုတ်ပါဘူး။ ချဲလ်ဆီး၊ PSG တို့နဲ့ပွဲမှာတည်းက မြင်ခဲ့ရတာပါ။ ချဲလ်ဆီးကိုနိုင်တဲ့ပွဲမှာ ဂျေးဆုက သူ့ရဲ့ကန်ချက်က ကံကောင်းလို့ ဂိုးရတာလို့ဝန်ခံခဲ့တယ်။

PSG နဲ့ပွဲမှာ ကမ္ဘာကျော်တွေပါတဲ့အသင်းကို ကစားကွက်အသာနဲ့ ဆက်တိုက်ဖိကစားနိုင်ခဲ့ပါလျက်နဲ့ အဆုံးသတ်သေချာတဲ့ ကစားသမားမရှိလို့ ရှုံးခဲ့တယ်။ အခုဒီပွဲမှာလည်း အလားတူပြဿနာမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်ဆို ပထမပိုင်းတည်းက ပွဲကိုသတ်နိုင်လိုက်မယ့် အခွင့်အရေးရခဲ့တာပါ။

တစ်ဖက်မှာလည်း လီဗာပူးကို တစ်ပါတည်းချီးကျူးရပါလိမ့်မယ်။ တိုက်စစ်ဆင်ခွင့်မရ၊ လိုသလို ကစားလို့မရချိန်မှာ ခံစစ်ကိုအလုံခြုံဆုံးဖြစ်အောင် ကစားနိုင်ခဲ့တယ်၊ အခွင့်ရတဲ့အချိန်မှာ ရတဲ့အခွင့်အရေးကို အပိုင်အသုံးချနိုင်ခဲ့တယ်။

Big Match တွေမှာ တဒင်္ဂဖြစ်ရပ်လေးတွေက ပွဲတစ်ပွဲလုံးကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ အခုဒီပွဲမှာလည်း ဒါတွေကိုအကြိမ်ကြိမ်မြင်ခဲ့ရပါတယ်။ မန်စီးတီးဘက်ကရောပေါ့။ လီဗာပူးရသွားတဲ့ဂိုးမှာ ကန်ဆယ်လိုကို ဆာလာကျော်ဖြတ်သွားတာ လွယ်လွန်းပါတယ်။ ပုံမှန်အနေအထားဆို ဆာလာကို Tactical Foul သေချာပေါက်ကျူးလွန်မှာပါ။ ဒါပေမယ့် ကန်ဆယ်လိုက အဝါကတ်ထိပြီးသားပါ။

ဒီတော့ အလွယ်တကူ လွှတ်ပေးလိုက်ရသလို ကန်ဆယ်လိုရဲ့ လိုက်အား၊ ဖျက်အားကလည်း လိုအပ်ချက်ရှိပါတယ်။ နောက်ပြီး မာနေးပြေးအထွက်မှာ ဒီယက်စ်ရဲ့နေရာယူပုံပါ။ အငိုက်မိသွားတဲ့ပုံပါပဲ။ သူ့နောက်က ပြေးထွက်မယ်လို့ တွက်ထားပြီး မာနေးကရှေ့ကိုဖြတ်ဝင်လိုက်ချိန်မှာ သူဟန်ချက်ပျက်ခဲ့ပါတယ်။

ကံကောင်းတာတစ်ခုက မန်စီးတီးတို့ ချေပဂိုးရဖို့ အရမ်းကြီး ရုန်းကန်လိုက်ရတာမျိုးမရှိဘဲ ဂျေးဆုရဲ့ ဖန်တီးမှုကတစ်ဆင့် ဖိုဒန်က အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဆာလာရဲ့ Individual Performance ကလည်း ဒီပွဲရဲ့ အခရာပါပဲ။ လီဗာပူးသာနိုင်ခဲ့ရင် ဒါဟာ အန်ဖီးလ်ကွင်းထဲက ဆာလာရဲ့ Solo Show ဖြစ်လာမှာပါ။

ဒီဘရိုင်းကလည်း မန်စီးတီးအတွက် ဘာကြောင့်မရှိမဖြစ်ကစားသမားဖြစ်နေလဲဆိုတာကို သက်သေပြခဲ့ပါတယ်။

ပွဲပြီးခါနီး ဖာဘင်ဟိုအလုံးကို ရိုဒရီဝင်တားနိုင်ခဲ့တာလည်း လီဗာပူးအတွက် နှမြောစရာပါ။ ဒါပေမယ့် မန်စီးတီးအတွက်လည်း ဒီပွဲက သရေတစ်မှတ်နဲ့တော့ ထိုက်တန်ပါတယ်။ နှစ်ဖက်ပရိသတ်တွေအတွက်တော့ ကျေနပ်စရာရလဒ်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အမှတ်ပေးဇယားဦးဆောင်ခွင့်ကတော့ ချဲလ်ဆီးကို ပေးလိုက်ရပါတယ်။ 

Share

က္က