ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မူလာဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုဖလားနဲ့ အောင်ပွဲခံခဲ့ချိန်တုန်းက ပရိသတ်တွေအတွက် အမှတ်တရအဖြစ် ဆုဖလားနဲ့အောင်ပွဲခံနိုင်အောင် ပွဲကြည့်စင်ပေါ် တွယ်တက်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာလည်း ထုံးစံမပျက် ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆုကို သက်သောင့်သက်သာရရှိခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အတွက်တော့ (၁၀) ကြိမ်ဆက် ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆုဖြစ်ခဲ့ပြီး သမိုင်းတလျှောက် (၃၁) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး ဘိုင်ယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆုနဲ့ အောင်ပွဲခံချိန်မှာတော့ အသင်းရဲ့ အားကိုးရတဲ့ ကစားသမားလည်းဖြစ်၊ ပရိသတ်အချစ်တော်လည်းဖြစ်တဲ့ သောမတ်စ်မူလာက ပရိသတ်တွေကို ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆု ကိုင်မြောက်အောင်ပွဲခံစေခဲ့ပါတယ်။
အသက် (၃၂) နှစ်အရွယ် ဒီကစားသမားဟာ အသင်းနဲ့လည်း စာချုပ်သက်တမ်း ချုပ်ဆိုထားတဲ့ ကစားသမားဖြစ်ပါတယ်။ အခုဗီဒီယိုထဲမှာတော့ မူလာတယောက် ပွဲကြည့်စင်ပေါ် အရင်ဆုံးတွယ်တက်ကာ ပါဗက်ဆီက ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ကြားထဲကသတင်းထောက်ဆီကတဆင့် ရယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိသတ်တယောက်ကို ပေးလိုက်ပြီး သူတို့ကိုပါ ချန်ပီယံဆု ကိုင်မြှောက်အောင်ပွဲခံစေခဲ့တာပါ။
မူလာကတော့ အသင်းရဲ့ ချန်ပီယံဆုကြီးကို ယုံယုံကြည်ကြည်နဲ့ပဲ ပရိသတ်လက်ထဲ ထည့်ပေးလိုက်တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ပရိသတ်တွေအတွက် မမေ့နိုင်စရာ အမှတ်တရကို ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မူလာဟာ အရင်တုန်းက ပရိသတ်တွေဆီကလက်ကိုင်စပီကာကို ယူကာ ကိုယ်တိုင်အော်ဟစ်အောင်ပွဲခံခဲ့ဖူးပါသေးတယ်။ မူလာဟာ (၂၀၀၈) မှာ ဘိုင်ယန်မြူးနစ်အတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။
အသက် (၃၂) နှစ်ရှိနေပြီဖြစ်တဲ့ ဒီကစားသမားဟာ အသင်းနဲ့အတူ ဆုဖလားအစုံရယူဖူးပြီး အသက်အရွယ်အားဖြင့် အကျပိုင်းကို ရောက်လာသည့်တိုင် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် လိုအပ်တဲ့နေရာမှာ လိုအပ်သလို အသုံးတော်ခံနေဆဲလည်းဖြစ်ပါတယ်။