ယူနိုက်တက်ကတော့ စိတ်ပျက်စရာကောင်းတဲ့ အီလည်လည် ကစားပုံနဲ့ပဲ ရှက်ဖီးကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြန်ပါတယ်။ ခြေစွမ်းပိုင်း အားရစရာ မကောင်းချိန်မှာ မထင်မှတ်ဘဲ ရလိုက်တဲ့ ဂိုးကလည်း မိနစ်အနည်းငယ်အတွင်း ပြန်ချေပခံလိုက်ရတဲ့နောက် နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာကလည်း အဆန်းတော့ မဟုတ်ပါဘူး။
တန်ဟက်ခ်က ဒီပွဲမှာ အိုနာနာကို ဆက်လက် ယုံကြည်ခဲ့သလို တိုက်စစ်မှာလည်း ဟို့ဂျ်လန်း၊ ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်မှာ ဒဏ်ရာရနေတဲ့ ကက်စ်မဲရိုး မပါဝင်ခဲ့ဘဲ ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေးနဲ့ အမ်မရာဘတ်တို့ကို တွဲပြီး ပွဲထုတ်ခဲ့တာပါ။
နောက်တန်းကတော့ ထုံးစံအတိုင်း ပုံပျက်ပန်းပျက်၊ ရှိတဲ့လူ ထည့်ကန်ဆိုတဲ့ စတိုင်ပါပဲ။ဒဏ်ရာပြဿနာတွေများနေတာကြောင့် လင်ဒီလော့ဖ်ကို ဘယ်နောက်ခံအစွန်နေရာမှာ ထားကစားခဲ့ပြီး မက်ဂွိုင်းရားနဲ့ အီဗန်စ်ကို ဗဟိုနောက်ခံလူနေရာ၊ ဒါလော့ကို ညာနောက်ခံလူနေရာမှာ ပွဲထုတ်ခဲ့ပါတယ်။
အိမ်ရှင်ရှက်ဖီးကတော့ ပွဲအစပိုင်းကတည်းက ယူနိုက်တက်ကို သွက်သွက်လက်လက်နဲ့ ရင်ဆိုင်ခဲ့ပြီး ယူနိုက်တက်တို့ ကစားကွက် တည်မရခဲ့ပါဘူး။ ဒါပေမယ့် မထင်မှတ်ထားတဲ့ အခြေအနေကနေပဲ တွမ်မီနေးက ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကြာကြာမခံခဲ့ပါဘူး။
တွမ်မီနေးရဲ့ လက်ထိဘောကတစ်ဆင့်ပဲ ပင်နယ်တီပေးခဲ့ရပြီး ချေပဂိုး ခွင့်ပြုလိုက်ရပါတယ်။ ယူနိုက်တက်ရဲ့ ကစားပုံက တစ်ပွဲလုံး သက်သောင့်သက်သာမရှိခဲ့ဘဲ ဒုတိယပိုင်းမှာတော့ ဒါလော့ရဲ့ အမှတ်မထင် ကန်ချက် ဂိုးဝင်ခဲ့တာကြောင့် အဝေးကွင်းမှာ အခုလိုမျိုးပဲ အနိုင်သုံးမှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။