အက်သလက်တီကိုနဲ့ပွဲမတိုင်ခင် ဂွါဒီယိုလာကပြောကြားခဲ့တာပါ။

မကြာခဏဆိုသလို သည်းထိတ်ရင်ဖိုကစားပုံတွေကို ပြသနေတဲ့ ဂိုးသမား အီဒါဆန်နဲ့ ပတ်သက်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီနေ့ခေတ် ဘောလုံးလောကမှာ Sweeper Keeper ဆိုတဲ့ အခန်းကဏ္ဍတခုက ကျယ်ပြန့်လာခဲ့ပြီး အီဒါဆန်ကလည်း ဒီအထဲမှာ တယောက်အပါအဝင်ဖြစ်နေတဲ့၊ နာမည်ကျော်နေတဲ့ဂိုးသမားပါ။



ပြီးခဲ့တဲ့တနင်္ဂနွေညက လီဗာပူးနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးကြီးပွဲမှာလည်း အီဒါဆန်က ဂျိုတာ ဖိအားပေးနေတဲ့ကြားထဲကနေ ဂိုးစည်းပေါ်ကဘောလုံးကို သွေးအေးအေးနဲ့ အသင်းဖော်ဆီ ကန်ပေးခဲ့ပါတယ်။ ဂျိုတာနဲ့ထိလိုက်တာနဲ့ ဂိုးထဲဝင်သွားနိုင်တဲ့ ဒီအနေအထားအပေါ် ပွဲကြည့်ပရိသတ်တွေအားလုံး ထိတ်လန့်ခဲ့ရပေမယ့် အီဒါဆန်ကတော့ ခပ်တည်တည်နဲ့ အေးအေးဆေးဆေးပုံစံသာရှိနေခဲ့ပါတယ်။

အီဒါဆန်အကြောင်းနဲ့ပတ်သက်လို့ အက်သလက်တီကိုနဲ့မန်စီးတီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက ဂွါဒီယိုလာကို မေးမြန်းခဲ့ကြပါတယ်။ ဂွါဒီယိုလာက “အီဒါဆန်က ရူးနေတာဗျ။ တကယ်ပြောတာပါ။ အဲ့ဒီကောင် ရူးနေတာပါဗျာ။ တခါတလေ သူ့မှာ ဘာခံစားချက်မှတောင်မရှိဘူးလို့ ကျနော်ထင်မိပါတယ်”

“ဂိုးပေးလိုက်ရရင်လည်း သူကအေးဆေးပဲ။ တဘဝလုံးနဲ့ရင်းရလောက်အောင် အရေးကြီးတဲ့အလုံးကို ကာကွယ်နိုင်ခဲ့ရင်လည်း သူက အေးအေးဆေးဆေးပါပဲ။ သူက အရမ်းကိုတည်ငြိမ်တဲ့လူတယောက်ပါ။ ဂိုးသမားတယောက်အတွက်တော့ ဒါကကောင်းပါတယ်။ လီဗာပူးနဲ့ပွဲတုန်းက သူ့ဖြစ်ရပ်က ဂိုးနဲ့အဲ့ဒီလောက်နီးမယ်လို့ ကျနော်မထင်ခဲ့ပါဘူး”

“ဒါပေမယ့် ကျနော်ပြန်လည်းကြည့်ရော၊ ဂိုးထဲဝင်ဖို့ တလက်မလောက်ပဲ လိုပါတော့တယ်။ အီဒါဆန်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဘာဖိအားမှလည်း မရှိသလို ဖြစ်ပြီးတဲ့ကိစ္စဆိုရင်လည်း ကောင်းကောင်းဆိုးဆိုး သူ တတ်နိုင်သလောက် အမြန်ဆုံးမေ့ပစ်နိုင်ပါတယ်။ ဒါက အရေးကြီးပြီး ဂိုးသမားတယောက်အတွက် တကယ်ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က