ပီအက်စ်ဂျီတို့ ပြင်သစ်လီဂူးမှာ ချန်ပီယံဖြစ်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ မနေ့ညက လန်းစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးတဂိုးကို လှလှပပသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တဖက်တဂိုးစီသရေကျခဲ့ပြီး ပွဲအပြီးမှာလည်း ပီအက်စ်ဂျီက ပြင်သစ်လီဂူးအမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။



ပီအက်စ်ဂျီက ရာမို့စ်၊ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့နဲ့ လူစုံတက်စုံ ပွဲထွက်ခဲ့ပေမယ့် တယောက်လျော့နေတဲ့ လန်းစ်ကို အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့တာပါ။ ဒီပွဲရဲ့ ပွဲကစားချိန် (၅၇) မိနစ်မှာ ပြိုင်ဘက်နောက်ခံလူ ဒန်ဆို အနီကတ်ထိခဲ့ပြီး လက်ကျန်နာရီဝက်လောက်ကို ပီအက်စ်ဂျီတို့ တယောက်အသာနဲ့ ကစားခွင့်ရရှိခဲ့ပါတယ်။

ပွဲကစားချိန် (၆၈) မိနစ်မှာ မက်ဆီ သွင်းယူခဲ့တဲ့ဂိုးကတော့ သူ့ရဲ့ ကိုယ်ပိုင် Trademark လို့ ပြောရတဲ့ သွင်းဂိုးကိုပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေကနေ နေမာ၊ နေမာကနေ မက်ဆီထံ အဆင့်ဆင့် ချပေးရာကနေ မက်ဆီက ဧရိယာအပြင်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။



ပီအက်စ်ဂျီတို့ ဒီတဂိုးနဲ့ပဲ နိုင်တော့မယ်လို့ အားလုံးကထင်မှတ်ခဲ့ကြပေမယ့် ပွဲကစားချိန် (၈၈) မိနစ်မှာတော့ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ လန်းစ်အတွက် ဒီချေပဂိုးကိုတော့ ကော်ရီတင်က သွင်းယူပေးသွားခဲ့တာပါ။ ဒီရလဒ်ကြောင့်ပဲ ပီအက်စ်ဂျီတို့ ပြင်သစ်လီဂူးအမှတ်ပေးချန်ပီယံဆုကို တကျော့ပြန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက လိုင်လီ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကတော့ ဒီရာသီ ပွဲစဥ်ကုန်ဆုံးဖို့ (၄) ပွဲအလိုမှာ ဒုတိယနေရာက မာဆေးလ်ကို (၁၆) မှတ် အသာနဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကလည်း ပီအက်စ်ဂျီကို ရောက်ရှိလာပြီး ပထမဆုံးရာသီမှာတင် အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပေမယ့် အဓိက မျှော်လင့်ချက် ချန်ပီယံလိဂ်ကနေတော့ စောစောစီးစီး ထွက်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က