(၂၀၀၁)၊ အောက်တိုဘာ (၆) မှာ အင်္ဂလန်ကစားသမား ဒေးဗစ်ဘက်ခမ်း ဂရိဘက်ကို ကန်သွင်းခဲ့တဲ့ ဖရီးကစ်ဂိုးက ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့ထက်တိုင် စွဲထင်ကျန်ရစ်နေဆဲဖြစ်ပါတယ်။
ဒီဂိုးဟာ တောင်ကိုရီးယားနဲ့ဂျပန်တို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် (၂၀၀၂) ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အင်္ဂလန်ကိုကယ်တင်ခဲ့တဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး ဒီဂိုးကြောင့်လည်း အင်္ဂလန်ပရိသတ်တွေက သူ့ရဲ့အတိတ်ကို ခွင့်လွှတ်ခဲ့ကြတယ်လို့ ဒေးဗစ်ဘက်ခမ်းက ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက်အိမ်ကွင်း၊ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ဒီပွဲမှာ တစ်ဖက်နဲ့တစ်ဖက် တစ်ဂိုးစီသရေကျနေချိန် နာကျင်အချိန်ပိုမှာ ပြစ်ဒဏ်ဘောရရှိခဲ့တာဖြစ်ပြီး ဒီဘောလုံးကို ဒေးဗစ်ဘက်ခမ်းက တိုက်ရိုက်ကန်သွင်းကာ အင်္ဂလန်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေခဲ့တာပါ။
အဲ့ဒီမတိုင်ခင် (၁၉၉၈) ပြင်သစ်ကမ္ဘာ့ဖလားမှာ ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အတွက် ဗီလိန်ဖြစ်ခဲ့ရပါတယ်။ (၁၉၉၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆) သင်းအဆင့်မှာ အင်္ဂလန်နဲ့အာဂျင်တီးနားတို့ ထိပ်တိုက်တွေ့ခဲ့ပြီး အဲ့ဒီပွဲမှာ ဒေးဗစ်ဘက်ခမ်းက ပြိုင်ဘက် ဆီမြွန်နီ (လက်ရှိ အက်သလက်တီကိုနည်းပြ) ကို ကန်ကျောက်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲ့ဒီတုန်းက တစ်ဖက်နှစ်ဂိုးစီသရေကျနေချိန်မှာ ဒေးဗစ်ဘက်ခမ်း အထုတ်ခံရတာဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်္ဂလန်တို့ အရေးနိမ့်ခဲ့တာကြောင့် ဒေးဗစ်ဘက်ခမ်းက အဲ့ဒီရှုံးပွဲအတွက် အဓိကတရားခံဖြစ်ခဲြစ်ခခမ်းက အေးနိမ့်ခဲ့တာကြောင့် ပင်န့ရပါတယ်။
အဲ့ဒါကြောင့်လည်း ဂရိကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ရဲ့နောက်ဆုံးမိနစ် ဖရီးကစ်အနိုင်ဂိုးက ဘယ်လောက်အရေးပါခဲ့လဲဆိုတာကို ဒေးဗစ်ဘက်ခမ်းက “အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဖြစ်ပွားခဲ့တာတွေအတွက် အင်္ဂလန်ပရိသတ်တွေ ကျွန်တော့်ကို ခွင့်လွှတ်ပေးခဲ့တဲ့ အခိုက်အတန့်ပါပဲ”
“ဂရိနဲ့ပွဲ သွင်းဂိုးက အင်္ဂလန်ပရိသတ်အစစ်တွေ၊ ကျွန်တော့်ကိုမုန်းခဲ့သူတွေအနေနဲ့ ကျွန်တော့်ကို ခွင့်လွှတ်လိုက်တယ်လို့ ခံစားခဲ့ရပြီး အဲ့ဒီအခိုက်အတန့်က တကယ်ကို ထူးခြားခမ်းနားတဲ့ အခိုက်အတန့်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ (၂၀၁၃) မှာ ကစားသမားဘဝက အနားယူခဲ့ပြီး လက်ရှိအချိန်မှာတော့ အင်တာမိုင်ယာမီ၊ ဆဲလ်ဖို့ဒ်စီးတီးတို့ရဲ့ ပူးတွဲအသင်းပိုင်ရှင်အဖြစ် တာဝန်ယူလျက်ရှိပါတယ်။