ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ လန်းစ်နဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် မက်ဆီဂိုးသွင်းခဲ့အပြီး အသင်းဖော်ရာမို့စ်ရဲ့ အောင်ပွဲခံပုံက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ ရီးရဲလ်နဲ့ ဘာစီလိုနာတို့မှာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး မက်ဆီကို ခဏခဏလူချကစားခဲ့တဲ့ ရာမို့စ်က အခုတော့ အသင်းဖော်ဖြစ်လာချိန်မှာ အားရဝမ်းသာ အောင်ပွဲခံနေခဲ့တာပါ။
သူတို့နှစ်ဦးက ပီအက်စ်ဂျီကို ဒီရာသီမှာ ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့သူတွေဖြစ်ပြီး ဘယ်တော့မှ အသင်းဖော်တွေဖြစ်မလာဘူးထင်ခဲ့ပေမယ့် အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ မက်ဆီက ပီအက်စ်ဂျီမှာ ဂိုးတွေရဖို့ ရုန်းကန်နေရပြီး လန်းစ်နဲ့ပွဲမှာလှပတဲ့ ကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့ကာ ရာမို့စ်က ပျော်ရွှင်စွာနဲ့ အောင်ပွဲခံနေတာကို ရုပ်သံက အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။
ရာမို့စ်ရဲ့ အောင်ပွဲခံဟန်ကို ပရိသတ်တွေက တော်တော်လေးသဘောကျနေခဲ့ပြီး ပြိုင်ဘက်ဟောင်းအတွက် အခုလိုမျိုးပျော်ရွှင်နေလိမ့်မယ်လို့ မထင်ထားဘူးဆိုတဲ့မှတ်ချက်တွေလည်း ရေးသားခဲ့ကြပါတယ်။ သူတို့နှစ်ဦးကြားမှာ အမုန်းတရားတွေမရှိတော့ဘူး၊ အသင်းဖော်တွေဖြစ်နေလို့ ချစ်ခြင်းမေတ္တာတွေပဲ ရှိတေ့ာတယ်လို့လည်း တချို့ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။
သူတို့နှစ်ဦးစလုံးက ပီအက်စ်ဂျီနဲ့အတူ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒါဟာ လာလီဂါပြင်ပမှာ ပထမဆုံးရတဲ့ အမှတ်ပေးဖလားလည်းဖြစ်လာခဲ့ပါတယ်။ ရာမို့စ်ကတော့ ဒဏ်ရာကြောင့် အနားယူရချိန်တွေများခဲ့ပြီး အသင်းအတွက် ပွဲအနည်းငယ်သာ ကစားခဲ့ရပေမယ့် မက်ဆီကတော့ အဓိကကစားသမားအဖြစ်နဲ့ ပါဝင်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှုအများအပြားလုပ်ပေးနိုင်ခဲ့ပါတယ်။