ဆွီဒင်ပရိသတ်နှစ်ယောက် ပစ်သတ်ခံခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆွီဒင်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲဟာ ပထမပိုင်းအပြီးမှာတင် ရပ်နားခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဆွီဒင်လက်ရွေးစင် ဂျာစီကို ဝတ်ဆင်ထားတဲ့ ပရိသတ်နှစ်ယောက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အတွင်း ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတာကြောင့်ပါ။



ဒီဖြစ်ရပ်ဟာ ပထမပိုင်းမစခင် ပွဲကျင်းပရာကွင်းနဲ့ (၃) မိုင်အကွာမှာ ဖြစ်ပွားခဲ့ပြီး ကစားသမားတွေနဲ့ နည်းပြတွေကတော့ ပထမပိုင်းအပြီးမှ သိရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ ဆွီဒင်ကစားသမားတွေက ပွဲကို ရပ်နားပေးဖို့ တောင်းဆိုခဲ့ပြီး ဘယ်လ်ဂျီယံဘက်ကလည်း သဘောတူညီခဲ့ကြပါတယ်။

ဒီလိုမျိုး ပွဲကို ရပ်နားလိုက်ပေမယ့် ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ပြိုင်ပွဲကျင်းပရာ ကွင်းအတွင်းမှာပဲ အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး စောင့်ဆိုင်းနေခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ကျူးလွန်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ လွတ်မြောက်နေဆဲဖြစ်တာကြောင့် အခုလိုမျိုးပဲ တာဝန်ရှိသူတွေက ကွင်းအတွင်းမှာပဲ ဆက်နေစေတာပါ။

ဒီဖြစ်ရပ်တွေအပေါ်မှာ ဆွီဒင်နည်းပြ အန်ဒါစ်ဆန်က “ကျွန်တော် ဥမင်လိုဏ်ခေါင်းထဲ ဝင်လာချိန်မှာ ဒီသတင်းကို ကြားသိခဲ့ရပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ဒါက မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တာပါ။ ကျွန်တော် ဒီနေ့ခေတ်မှာ ဘယ်လိုကမ္ဘာကြီးထဲ ရောက်ရှိနေတာလဲ။ ကျွန်တော် အဝတ်လဲခန်းထဲကို ဝင်လာပြီး အသင်းနဲ့ စကားပြောပါတယ်”​
“မတရားခံလိုက်ရတဲ့သူတွေအတွက် ကျွန်တော်တို့ လေးစားမှုထားတဲ့အနေနဲ့ ဒီပွဲကို ဆက်မကစားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အရေးမပါတော့ဘဲ ဘယ်လ်ဂျီယံက ခြေစစ်ပွဲအောင်မြင်ပြီးဖြစ်သလို ဆွီဒင်ကလည်း ခြေစစ်ပွဲအောင်မြင်ဖို့အတွက် မျှော်လင့်ချက်မရှိတော့ပါဘူး။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က