ဒီနှစ်မှာ ပြန်လည်ကျင်းပတော့မှာပါ။

တောင်ကြီးမြို့နဲ့ မီးပုံးပျံပွဲဆိုတာ ခွဲမရအောင်ကိုပါပဲ။ တောင်ကြီးဆိုတာနဲ့ မီးပုံးပျံပွဲကို တွဲမြင်ကြမှာပါ။ နှစ်စဉ်နှစ်တိုင်း လှပတဲ့ မီးပုံပျံတွေ အပြိုင်အဆိုင်တင်လွှတ်နေကြတာဟာ ငေးမောကြည့်နေရလောက်အောင် လှပအံ့သြဖွယ်ရာဖြစ်လို့ ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်ကြတဲ့ ပွဲတော်ဆိုလည်း မမှားပါဘူး။ 




တောင်ကြီးမြို့ဆိုတာ 


မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ဟာ သာဇီ - ကျိုင်းတုံလမ်းမကြီးရဲ့အနီး ရွှေညောင်မြို့နဲ့ အင်းလေးကန်တို့ရဲ့ မြောက်ဘက်မှာတည်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငါးခုမြောက်အကြီးဆုံးမြို့တော်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၁၂ပေ (1.436m) အထိအမြင့်ရှိပါတယ်။ အေးချမ်းတဲ့ရာသီဥတုနဲ့ သာယာလှတဲ့တောတောင်ရေမြေသဘာဝတွေက ခရီးသွားတွေကို ဆွဲဆောင်နိုင်တာပဲဖြစ်ပါတယ်။ 

 တောင်ကြီးကို အဓိကသွားလို့ရမယ့်လမ်းကတော့ တောင်ပေါ်လမ်း ပါ။ အနီးစပ်ဆုံး လေဆိပ်ကတော့ ဟဲဟိုးလေဆိပ်ဖြစ်ပြီး တောင်ကြီးအနောက်ဘက် လမ်းကနေမောင်းရင် ၂၄ မိုင်လောက်သွားရပါတယ်။ ဟဲဟိုးကနေပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံတို့ကို ပုံမှန်ပျံသန်းလေ့ရှိပါတယ်။ တောင်ကြီးဟာ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာမှာ အင်းလေးကန်၊ ပင်းတယ၊ ကက္ကူဘုရားတို့ဟာ နာမည်ကြီးလှပါတယ်။



တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော် 


တောင်ကြီးမြို့ဟာ တန်ဆောင်တန်ပွဲတော် ဒါမှမဟုတ် မီးပုံးပျံပွဲတော်နဲ့ နာမည်ကြီးတာပဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ မြန်မာနိုင်ငံမှာ နာမည်ကြီးကျော်ကြားတဲ့လှတဲ့ပွဲဖြစ်ဝာာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ ပွဲတော်အချိန်ဟာလည်း မိုးရာသီကုန်ဆုံးတဲ့ချိန် အေးချမ်းလှတဲ့ဆောင်းဦးရာသီမှာဖြစ်တာမို့ ပွဲတော်ကြီးထဲမှာ ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များ၊ ဘုရားဖူးများ ထောင်နဲ့ချီပြီး‌ တော့ကို စည်ကားပါတယ်။ 


အပြိုင်အဆိုင်လှနေတဲ့ မီးပုံးပျံတွေ 


ညကောင်းကင်မှာ မီးပုံးပျံတွေဟာ ကျွမ်းကျင်တဲ့သူတွေမီးပုံး ပျံအလှပြိုင်မှု‌တွေ၊ မကျွမ်းကျင်သေးတဲ့သူတွေ မီးပုံးပျံအလှလွှတ်ကြမှုတွေနဲ့ ကောင်းကင်ကြီးတစ်ခုလုံး ငေး ကြည့်ချင်စရာကောင်းအောင်လှပနေတတ်ပါတယ်။ နေ့ခင်းအချိန်မှာတော့ ကောင်းကင်မှာ တိရစ္ဆာန်အရုပ်ပုံစံမီးပုံးပျံတွေ လွှတ်တင်တတ်ကြပါသေးတယ်။ ဒါပေမယ့် ညဘက် ပွဲတော်နဲ့မီးပုံးပျံတွေကတော့ ပိုလို့ကြည့်ကောင်းလေ့ရှိပါတယ်။ ၉ မီတာ အရှည်ရှိတဲ့ ဒီလိုမီးပုံးပျံတွေဟာ အပျော်အတွက်ကြည့်လို့ကောင်းတယ်လို့ပဲ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်မီးပုံးပျံလွှတ်သူတွေကတော့ အဲ့ဒီဒေသကလူတွေအတွက် အလွန်တန်ဖိုးရှိလှပါတယ်။



ဒေသခံတွေရဲ့ စည်းလုံးညီညွှတ်မှု 

 

ဒေသခံတွေရဲ့ စည်းလုံးညီညွတ်မှုကို မီးပုံးပျံလွှတ်ရာမှာမြင်တွေနိုင်ပြီး သူတို့ရဲ့ ရိုးရာဓလေ့ ချစ်မြတ်နိုးမှုကိုလည်း ခံစားနိုင်မှာပါ။ မီးပုံးပျံတွေကို ရှမ်းပြည်နယ်က ထွက်တဲ့စာရွက်တွေနဲ့ပြုလုပ်ကာ ဒီဇိုင်းတွေ၊ တည်ဆောက်မှုတွေကိုတော့ အဖွဲ့သားတွေအားလုံးက လုပ်ကြရပါတယ်။ ဖယောင်းတိုင်တွေ၊ ပန်းချီတွေ ၊ မီးရှုးမီးပန်းတွေ အားလုံးကိုလည်း လနဲ့ချီပြီးတော့ကို ကြိုတင်စီစဉ်ရတာပါ။ 

မီးပုံပျံအမျိုးအစားတွေ 

ပွဲတော်မှာ မီးပုံးပျံပုံစံနှစ်မျိုးရှိပါတယ်။ အဲဒီ ပုံစံတွေကတော့ စိန်နားပန် (ဖယောင်းတိုင်များနဲ့ အလှဆင်ထားခြင်း) နဲ့ ညမီးကျည် ( မီးရှုးမီးပန်းများနဲ့ အလှဆင်ထားခြင်း ) ဆိုတဲ့ ပုံစံတွေပဲဖြစ်ပါတယ်။ 



ဒီနှစ်ပြန်လည်ကျင်းပမယ့် တောင်ကြီးတန်ဆောင်တိုင် 


တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို (၂၀၁၉) ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့ပြီး ယခုနှစ် (၂၀၂၃) ခုနှစ်မှာ ပြန်လည်ကျင်းပတော့မှာပါ။ (၃)နှစ်ကြာရပ်နားထားခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကိုတော့ ရိုးရာအစဥ်အလာမပျောက်ပျက်စေဖို့အတွက် လာမယ့် နိုဝင်ဘာလ(၂၁)ရက်ကနေ (၂၇)ရက်အထိ (၇)ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပသွားမှာပါ။ နေ့ပိုင်းမှာ ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်းနဲ့ အရုပ်အုပ်စုမီးပုံးပျံတွေကို လွှတ်တင်ဖို့အစီအစဉ်နဲ့ ညပိုင်းမှာတော့ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံပျံတွေကို လွှတ်တင်သွားမယ်လို့ သိရပါတယ်။

 ဒါကြောင့် ယခုနှစ်မှာမှပြန်လည်ကျင်းပတဲ့အခုလို ထူးခြားလှတဲ့ တောင်ကြီးမီးပုံးပျံပွဲတော်ကို တစ်ခါတစ်ခေါက်လာရောက် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။ 


Share

Loading Next Article...
က္က