လတ်တလော Cover Song သီချင်းတွေ ပြန်လည်ဖန်တီးကြမှု အားကောင်းလာကြတဲ့အပေါ် ဂီတ ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုနိုင်ဇော်က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။
"အစ်ကိုသိသလောက်ကတော့သီချင်းရဲ့ပိုင်ရှင်က တေးရေးပဲ ။ တေးရေးဆရာက အဆိုတော်ကိုပေးဆိုရင်းနဲ့ အဆိုတော်က အောင်မြင်သွားတယ်ဆိုရင်တေးရေးက သူပိုင်တယ်ဆိုပေမယ့် နားလည်မှုပေါ့။ အဆိုတော်ကလည်းနားလည် ပေးရတယ်။ တေးရေးက နောက်တစ်ယောက်ကိုပြန်ရောင်းရတဲ့အခါ နားလည်ပေးရတာပေါ့ ။ အဲဒီလိုမျိုးတွေရှိတယ်။ တေးရေးကတော့သီချင်းရဲ့မူလပိုင်ရှင်ပဲ'' လို့ ဆိုပါတယ်။
Photo- Naing Zaw FB
ပြန်ဆိုတေးတွေ ဖန်တီးကြတဲ့အခါ တေးရေးကသာ သီချင်းကို ရောင်းချခွင့်ရှိပြီး အဆိုတော်က သီချင်းကို ရောင်းလို့မရကြောင်းကိုလည်း ကိုနိုင်ဇော်က ဆက်လက်ပြောကြားခဲ့ပါတယ်။
"တေးရေးကပဲ သီချင်းကို ရောင်းလို့ရတာ။ အဆိုတော်က သီချင်းရောင်းလို့မရဘူး။ ရောင်းလို့မရဘူးဆိုတာက သူ့အသံမပါဘဲနဲ့ကိုပြောတာနော်။ သူ့အသံပါသွားပြီး သုံးချင်တယ်ဆို ထားပါတော့။ ဇာတ်ဝင်ခန်းတို့ရုပ်ရှင်သီချင်းတို့ ကြော်ငြာမှာပါမယ် ဆိုရင်တော့သူ့အသံပါမယ်ဆိုရင်တော့ အဆိုတော်ကပါရောင်းမှရတာ'' လို့ ရှင်းပြခဲ့ပါတယ်။
Photo- Naing Zaw FB
Cover Song နဲ့ ပြန်ဆိုတေးဆိုတာကို နားလည်ထားဖို့လိုပြီး အပျော်တမ်းအနေနဲ့ ဂစ်တာ ဒါမှမဟုတ် ကီးဘုတ်တစ်လုံးတည်းနဲ့ တီးဆိုမှသာ Cover Song ဖြစ်နိုင်မယ်လို့ ကိုနိုင်ဇော်က ပြောပါတယ်။
"Cover Song ဆိုတာလည်းတစ်ကယ်တော့ပြန်ဆိုတေးပါပဲ။ လူတွေက Cover Song ဆိုပြီး လျှောက်ပြောနေကြတာ။ အမှန်တော့ပြန်ဆိုတေးပဲ။ Cover Song ဆိုတာတကယ်တမ်းရပ်ကွက်ထဲမှာ အပျော်တမ်းဂစ်တာလေးတစ်လုံးနဲ့ ကီးဘုတ်လေးတစ်လုံးနဲ့ ကိုယ့်ဘာသာကိုယ် အပျော်တမ်းတီးတာ Cover လို့ပြောလို့ရတယ်။ နာမည်ကြီးအဆိုတော်တွေကအဲ့ဒီ့သီချင်း ကိုပြန်ပြီးတော့ ပြန်ဖန်တီးပြီ။ ပြန်ဆိုပြီဆိုရင်တော့ ဒါ Cover လို့ပြောလို့မရဘူး။ ပြန်ဆိုတေးလို့ပဲပြောကြတာပေါ့နော်။ အစ်ကိုတို့မြန်မာပြည်မှာပြောတာပါ။ ပြန်ဆိုတေးဆိုတာသူများသီချင်းကိုပြန်ဆိုတယ်ပေါ့ကွာ'' လို့ရှင်းပြခဲ့ပါတယ်။
Photo- Naing Zaw FB
သီချင်းတစ်ပုဒ်ကို တေးရေးကပိုင်တာလား တေးဆိုက ပိုင်တာလားဆိုတဲ့ မြန်မာနိုင်ငံမှာ ပြသနာတွေရှိနေတတ်ပြီး သီချင်းပြန်လည်သီဆိုခွင့်အတွက် သီချင်းရောင်းချလို့ရတဲ့ ပုံစံတွေကို အခုလို ဆက်ပြောပါတယ်။
"အဆိုတော်က သီချင်းတစ်ပုဒ် ကိုပိုင်တယ်ဆိုတာက သူနဲ့တေးရေးဆရာနဲ့ပူးပေါင်းပြီး ဖန်တီးထားတဲ့သီချင်း၊ သူလည်းဆိုတယ်၊ တေးရေးကလည်းရေးတယ် ၊ အောင်မြင်သွားပြီဆိုရင် နှစ်ယောက်လုံးရောင်းမှ ရောင်းလို့ရတာလေ။ သူ့အသံပါမှ ရောင်းလို့ရတာ။ ထားပါတော့ ဗိုလ်အောင်ဒင်ဆိုရင် ကိုမနောနဲ့ သဟာအောင်နဲ့ ပေါင်းပြီးတော့ ဖန်တီးတယ်လေ။ သဟာအောင်က ရေးတယ်။ ကိုမနောက အောင်မြင်သွားပြီ။ ရုပ်ရှင်သီချင်းမှာယူသုံးချင်တယ်ဆိုရင် သဟာအောင်ရဲ့ သီချင်းကိုသုံးချင်တယ်ဆိုရင် တခြားတစ်ယောက်နဲ့ ပြန်ဆိုချင်တယ် ဆိုရင် မနောကိုခွင့်တောင်းဖို့မလိုဘူးလို့ အစ်ကိုတို့က လက်ရှိမှာကျင့်သုံးနေကြတာလေ။ သဟာအောင်ရောင်းချင်ရောင်းလို့ရတယ်။ နောက်ထပ်ပုံစံတစ်မျိုးနဲ့ အဆိုတော်တစ်ယောက်ကဆိုမယ်။ မနောအသံကိုလည်းယူသုံးမယ် ဆိုရင်မနောခွင့်ပြုချက်မရရင်ဘယ်လို မှ ယူသုံးလို့မရဘူး။ မူရင်းသီချင်းကိုပဲ သုံးမယ်ဆိုရင် အဆိုတော်လည်းပတ်သက်တယ်။ မူရင်းသီချင်းကို သံစဥ် နဲ့စာသားပဲယူမယ်၊ အဆိုပြန်ဆိုမယ်ဆိုရင်တော့ တေးရေးနဲ့ပဲ တိုက်ရိုက်ပတ်သက်တယ်။ အစ်ကိုကတော့အဲ့လိုပဲသိထားတယ်။ တေးရေးကပိုင်တဲ့သီချင်းကိုအဆိုတော်ပါပိုင်ရမယ်ဆိုတာမျိုးတော့အစ်ကိုတော့မကြားဖူးဘူး''လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
ကိုနိုင်ဇော်က တော့ Lazy Club ရဲ့ ဂီတမှုးတစ်ဦးဖြစ်ပြီး ဂစ်တာနဲ့ ပတ်သက်တဲ့ မျိုးဆက်သစ်တွေအတွက် လည်း ပညာတွေကို ဝေမျှ ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ယခင်က တော့ စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့ ပေမယ့်လည်း အခုချိန်မှာ တော့ ဂီတ အလုပ်တွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင် နေသူတစ်ဦးပါ။ ဟာ ဂစ်တာပညာရှင်တစ်ဦးလည်းဖြစ်သလို Art Robot Music Band ကိုတည်ထောင်ကာ ရပ်တည်လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
Share