အဝေးကွင်းအဝတ်လဲခန်းကို ပြန်လည်သန့်ရှင်းရေးပြုလုပ်ပေးခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းရဲ့ ဝါရင့်ကွင်းလယ်လူကြီးမာ့ခ်နိုဘယ်ဟာ လိုင်ယွန်ကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးက သူ့ရဲ့လုပ်ရပ်တခုကြောင့် ချီးကျူးမှုတွေကို ရရှိနေခဲ့ပါတယ်။ အင်္ဂလန်ဝါရင့်ကစားသမားဟာ ဝက်စ်ဟမ်းနဲ့အတူ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်းမှာ ငိုကြွေးနေခဲ့သူလည်းဖြစ်ပါတယ်။ 

အဆိုပါပွဲအပြီး အသင်းအဝတ်လဲခန်းအတွင်းမှာ ဝက်စ်ဟမ်းကစားသမားတွေက အောင်ပွဲခံခဲ့ကြပါတယ်။ ဒီနောက်မှာတော့ နိုဘယ်က အဝတ်လဲခန်းကို ပြန်လည်သန့်ရှင်းရေးလုပ်ပေးနေခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားဟာ အ၀​ေးကွင်းပွဲတွေကစားပြီးတိုင်း အဝတ်လဲခန်းကို ပြန်လည်သန့်ရှင်းပေးလေ့ရှိသူလို့ သိရပြီး ဝန်ထမ်းတွေအပေါ် ကိုယ်ချင်းစာနာတာကြောင့်လို့လည်း ဆိုပါတယ်။ 

နိုဘယ်ရဲ့လုပ်ရပ်အပေါ်မှာ ပရိသတ်တွေက ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ခေါင်းဆောင်ကောင်းတယောက်ပီသသူလို့လည်း မှတ်ချက်ပြုခဲ့ကြပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုဘယ်ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ဟားလ်စီးတီးနဲ့ အစ်ဆွစ်ချ်တောင်းတို့မှာ အငှားနဲ့သွားကစားခဲ့ရာကလွဲပြီး ကျန်တဲ့အချိန်တွေအားလုံးကို ဝက်စ်ဟမ်းအတွက် ကုန်ဆုံးစေခဲ့သူဖြစ်ပါတယ်။

ဝက်စ်ဟမ်းအတွက် ၁၀ နှစ်ကျော်ကြာကစားပေးနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၆၇ ပွဲမှာ ၅၅ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အသက်အရွယ်ကြောင့်ရော၊ အသင်းမှာ ကျန်ကစားသမားတွေ ခြေစွမ်းပြနေတဲ့အတွက်ကြောင့်ရော နိုဘယ်က ပုံမှန်ကစားခွင့်ရဖို့ ခဲယဉ်းနေသူလည်းဖြစ်ပါတယ်။ 


သူမပါဝင်နိုင်ချိန်တွေမှာ အသင်းခေါင်းဆောင်တာဝန်ကို ရယူရတဲ့ ဒီကလန်ရိုက်ခြေစွမ်းတိုးတက်လာမှုတွေမှာ နိုဘယ်က အနီးကပ်ကူညီပေးနေခဲ့တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က