ဝေဖန်ခံရလိုက်၊ ချီးကျူးခံရလိုက်ဖြစ်နေတာကို ပြောသွားတာပါ။

ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းအတွက် ခြေစွမ်းပြပြီး အနိုင်ဂိုးနှစ်ဂိုးသွင်းခဲ့တဲ့ ဟာလန်းက အခုတော့ အွန်နရီ၊ ရော်နယ်ဒိုတို့ ဖြစ်သွားပြန်ပြီလို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ပြီး ဝေဖန်လှောင်ပြောင်မှုတ​ွေခံခဲ့ရတဲ့ ဟာလန်းကို အခုတခါမှာ ဝိုင်းဝန်းချီးကျူးနေတာကို ဂွာဒီယိုလာက ရွဲ့ပြောခဲ့တာပါ။ 

ဟာလန်းဟာ လီဗာပူးလ်နဲ့ပွဲမှာ ဂိုးပေါက်နဲ့အနီးဆုံးနေရာကနေ အပိုင်ကန်သွင်းခွင့်ရခဲ့ရာမှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အဆိုပါလွဲချော်မှုတွေကြောင့် သူ့ကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး မနေ့ကပွဲမှာတော့ ၂ ဂိုးသွင်းကာ ပရီးမီးယားလိဂ်ပထမဆုံးပွဲမှာပဲ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီး သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးအတွက် နေရာယူပုံ၊ ပြေးထွက်သွားပုံတွေအတွက် ချီးကျူးခံနေရတာဖြစ်ပါတယ်။ 

"ပြီးခဲ့တဲ့တပတ်က သူ အခွင့်အရေးတွေလွဲချော်ခဲ့တယ်၊ သူ ကျရှုံးခဲ့တယ်၊ လူတိုင်းက သူ့ကိုလှောင်ပြောင်ခဲ့ကြတယ်၊ အခုတော့ သူ့ကို အွန်နရီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်နေကြပြန်ပြီ" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ ဒါဟာ ဘောလုံးလောကအတွင်းဖြစ်နေကျ သဘောသဘာ၀တွေကို ဂွာဒီယိုလာက အားလုံးထင်သာမြင်သာဖြစ်အောင် ပြောဆိုခဲ့တာလို့လည်း ယူဆရပါတယ်။ 



လွဲချော်ချိန်မှာ ဝိုင်းဝန်းပြစ်တင်ခံခဲ့ရပြီး ခြေစွမ်းပြချိန်မှာတော့ ဂန္ထဝင်တိုက်စစ်မှူးတွေနဲ့ နင်လားငါလား နှိုင်းယှဉ်ခံရတယ်လို့ ဆိုလိုခဲ့ဟန်ရှိပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပွဲကစားချိန် (၃၆) မိနစ်မှာ ပင်နယ်တီကတဆင့် မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ဟာလန်းက  ဒီဘရိုင်းရဲ့ လှပတဲ့ ဖန်တီးပေးမှုကတဆင့် ဝက်စ်ဟမ်းနောက်တန်းကို ကျော်ဖြတ်ပြီး သပ်သပ်ရပ်ရပ်နဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။


Share

Loading Next Article...
က္က