(၂၀၂၁) အတွက် အကောင်းဆုံးကစားသမားသုံးယောက်ကို ဟာလန်းကရွေးချယ်ပေးခဲ့တာပါ။

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းက (၂၀၂၁) အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားသုံးယောက်ကို ရွေးချယ်လိုက်ချိန်မှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့သလို မက်ဆီကလည်း သူ့အတွက် အကောင်းဆုံး ကစားသမားတယောက် မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။



ဒေါ့မွန်ရဲ့ အဆိုပါ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမားဟာ ဥရောပမှာ ထွန်းတောက်လာမယ့် တိုက်စစ်မှူးတယောက်အဖြစ် သတ်မှတ်ခံထားရပြီး ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ ၊ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ချဲလ်ဆီး၊ ယူနိုက်တက်တို့လို ထိပ်တန်းအသင်းတွေကို ပြောင်းရွှေ့ဖို့အတွက်လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

စကိုင်းစပေါ့နဲ့ တွေ့ဆုံခန်းမှာတော့ ဟာလန်းက “(၂၀၂၁) အတွက် အကောင်းဆုံး ကစားသမား သုံးယောက်လား? ဒါ သိပ်ကိုကောင်းမွန်တဲ့မေးခွန်းပဲ။ ကျနော်ကတော့ လီဝန်ဒေါစကီးပဲ နံပါတ်တစ်ဖြစ်သင့်တယ်လို့ထင်ပါတယ်။ နောက်တယောက်ကတော့ ဘန်ဇီမာပါ”

“သူကလည်း တကယ်ကို အံ့အားသင့်စရာ ကစားသမားတယောက်ပါပဲ။ ဒါပေမယ့် မက်ဆီကလည်း အရမ်းကို ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတယောက်ပါ။ ဒီတော့ ဘန်ဇီမာနဲ့ မက်ဆီတို့ကို နံပါတ်နှစ်နဲ့ နံပါတ်သုံးနေရာမှာ ထားချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

သူ့ရဲ့ကိုယ်ပိုင်အနေအထားနဲ့ပတ်သက်လို့လည်း ဟာလန်းက “ကျနော် နေရာတိုင်းမှာ တိုးတက်နိုင်သေးတယ်လို့ ထင်ပါတယ်။ ခင်ဗျားက ကျနော်အဆုံးသတ်ကောင်းတယ်လို့ ပြောလာရင် ကျနော် ဒီထက်ပိုတိုးတက်နိုင်ပါသေးတယ်။ ပိုပြီးလျင်မြန်နိုင်တယ်၊ ပိုပြီးသန်မာနိုင်တယ်၊ ဒီတော့ ဒါတွေကို ကျနော် သက်သေပြနိုင်ပါတယ်”

“နောက်တခုကတော့ ကျနော် ဒဏ်ရာအနေအထားပါ။ ကျနော်သာ ဒဏ်ရာမရခဲ့ရင် ပွဲတွေ အများကြီးကစားပြီး ဂိုးတွေ အများကြီး ပိုသွင်းနိုင်မှာပါ။ (၂၀၂၂) အတွက် ကျနော့်ရဲ့ ရည်မှန်းချက်ဆိုရင် ကျနော် ဒဏ်ရာမရဖို့ပါပဲ။ လက်ကျန် ကစားသမားဘဝအတွက် ရည်မှန်းချက်ကလည်း ဒဏ်ရာမရဖို့ပါပဲ။ ဒါက အရေးကြီးတဲ့ကိစ္စပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က