ရာဖင်ဟာကိစ္စမှာ နေမာကလည်း ပါဝင်ပတ်သက်ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ လိဒ်စ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ ရာဖင်ဟာက နေမာနဲ့ စကားပြောဆိုပြီးတဲ့တစကားပြောဆိုပြီးနောက် ချဲလ်ဆီးကို ငြင်းဆန်ခဲ့ပြီး သူ့ရဲ့အိပ်မက်အသင်းတသင်းဖြစ်တဲ့ ဘာစီလိုနာကိုသာ ပြောင်းရွှေ့ခဲ့ကြောင်း ဖွင့်ဟလာပါတယ်။ အဆိုပါ ဘရာဇီးသားအတွက် ချဲလ်ဆီးက လိဒ်စ်နဲ့ အရင်ဆုံး သဘောတူညီမှုရရှိခဲ့တာပါ။



ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုသာ စောင့်ဆိုင်းခဲ့ပြီး စပိန်မြေကိုသာ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ရာဖင်ဟာအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၇) သန်း ပေးချေခဲ့ရပြီး ကွန်ဒေးကိုခေါ်ယူဖို့ ကြိုးစားတဲ့နေရာမှာလည်း ချဲလ်ဆီးတို့ ဘာစီလိုနာဆီမှာ အလားတူအခြေအနေမျိုးနဲ့ ခံလိုက်ရတာဖြစ်ပါတယ်။

ဒီလိုမျိုး ချဲလ်ဆီးကို ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်လို့ ရာဖင်ဟာက “ကျနော် အသင်းပြောင်းဖို့ကိစ္စအတွက် နေမာနဲ့လည်း စကားပြောခဲ့ပြီး သူက ‘ဘာစီလိုနာကိုသာသွား၊ မင်းနောင်တမရစေရဘူး’ လို့ ပြောခဲ့ပါတယ်။ သူပြောတာလည်း မှန်ကန်ခဲ့ပါတယ်။ ကျနော် ချဲလ်ဆီးကိုငြင်းဆန်ခဲ့တာကလည်း ကျနော့်အိပ်မက်က ဘာစီလိုနာဂျာစီကို ဝတ်ဆင်ဖို့အတွက်ကြောင့်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် ရာဖင်ဟာအပါအဝင် ဘာစီလိုနာကစားသမားသစ်တွေဟာ လာလီဂါအဖွင့်ပွဲမစခင်မှာ တရားဝင်မှတ်ပုံတင်ခွင့်ရဖို့အတွက် ရုန်းကန်ခဲ့ရပြီး တော်တော်လေးအချိန်ကပ်မှပဲ အသင်းရဲ့ တရားဝင်ကစားသမားတွေအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေစျေးကွက်အစောပိုင်းမှာခေါ်ယူခဲ့တဲ့ ရာဖင်ဟာ၊ လီဝန်ဒေါစကီး၊ ခရစ္စတန်ဆန်၊ ကက်ဆီ၊ ကွန်ဒေးတို့အနက် ကွန်ဒေးကို နောက်ဆုံးမှသာ မှတ်ပုံတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နေမာနဲ့ရာဖင်ဟာတို့ဟာ ဘရာဇီးအသင်းဖော်တွေဖြစ်ကြပြီး နေမာကလည်း ဘာစီလိုနာကစားသမားဟောင်းတယောက်ဖြစ်ပါတယ်။ ရာဖင်ဟာအနေနဲ့ လိဒ်စ်အတွက် ကစားပေးခဲ့တဲ့ (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၆၇) ပွဲမှာ သွင်းဂိုး (၁၇) ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့်လည်း ဘာစီလိုနာ၊ ချဲလ်ဆီးတို့အပါအဝင် ဥရောပထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က