ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက သူတို့အနေနဲ့ ဒုတိယအကျော့အထိ အသက်ရှိမယ့် ပွဲတစ်ပွဲကို ကစားခွင့်ရဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလို အဖြစ်မျိုး ထပ်လုပ်မလားဆိုရင်လည်း လုပ်သွားမှာဖြစ်ကြောင်း မန်စီးတီးနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် မန်စီးတီးကို အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံကစားရမှာပါ။ ဒါဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရဲ့ မကျေပွဲလည်း ဖြစ်လာပါလိမ့်မယ်။
ဒီပွဲမတိုင်ခင်မှာ အန်ဆယ်လော့တီက “ခင်ဗျားတို့ ခံစစ်ကစားရင် သရေကျမှာပါ။ ကျွန်တော်တို့ သေချာပေါက် တိုက်စစ်ဆင်ရပါမယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ (၅) ဂိုးပေးခဲ့ရပြီး (၆) ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါမျိုး ထပ်လုပ်ဦးမလားဆိုရင်တော့ ကျွန်တော်ကတော့ လုပ်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ မန်စီးတီးက ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်က နောက်ကျဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။
နှစ်ကျော့ကစားရမယ့်အပေါ်မှာလည်း အန်ဆယ်လော့တီက “ကျွန်တော်တို့ နှစ်ကျော့လုံးကို အပြည့်အဝ ကစားချင်ပါတယ်။ စိတ်ထဲမှာလည်း ဒုတိယအကျော့က အဆုံးအဖြတ်ဖြစ်လာနိုင်ဦးမယ်ဆိုတာကို မှတ်ထားရင်းနဲ့ပေါ့” လို့ ဖွင့်ဟခဲ့ပါသေးတယ်။
ဒါ့အပြင် ပြိုင်ဘက် အသင်းက အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟာလန်းကို တစ်ဦးချင်း ထိန်းချုပ်မလား၊ ထိန်းချုပ်ဖို့ အစီအစဥ်တွေ ချထားလားဆိုတာနဲ့ ပတ်သက်လို့လည်း အန်ဆယ်လော့တီက ဖွင့်ဟခဲ့ပါသေးတယ်။ အန်ဆယ်လော့တီက “မန်စီးတီးက ပြီးခဲ့တဲ့ရာသီကထက် ပိုမို ပြီးပြည့်စုံလာပါတယ်”
“သူတို့ရဲ့ ကစားပုံကို အပြောင်းအလဲမရှိခဲ့သည့်တိုင် ဟာလန်းကို ပိုတည်ကစားလာပါတယ်။ ကျွန်တော်တို့က ပွဲတစ်ပွဲအတွက် ကစားသမားတစ်ယောက်တည်းကို ရပ်တန့်ဖို့ အစီအစဥ်ချနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရမ်း အန္တရာယ်ရှိတဲ့ အသင်းတစ်သင်းကို တားဆီးဖို့ ကျွန်တော်တို့ လုပ်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။