ဒီနေ့ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် စပါးနည်းပြကွန်တီက ရော်နယ်ဒိုရဲ့ အရည်အသွေးကို သူ ဘယ်တော့မှ လျှော့မတွက်ထားဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီတပတ်ကြားရက်ပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားကြမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ စပါးကို ယူနိုက်တက်တို့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရဖွယ်လည်းရှိနေပါတယ်။
ယူနိုက်တက်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက်တိုက်ရှုံးပွဲမရှိထားသလို စပါးကလည်း နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ အသင်းဖြစ်နေပါတယ်။ စပါးက လိဂ်ရှုံးပွဲတပွဲတည်းသာ ရင်ဆိုင်ထားရပြီး အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာကို ရောက်ရှိနေကာ ချန်ပီယံဆုအတွက်ပါ မျှော်လင့်လို့ရတဲ့ အခွင့်အရေးမျိုးရှိနေပြီး ယူနိုက်တက်ကတော့ အဆင့် ၅ မှာရှိနေပြီး စပါးနဲ့တောင် ၇ မှတ်ကွာဟနေပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ကွန်တီကို မေးမြန်းခဲ့ရာမှာတော့ - "ဒီမေးခွန်းကို အမေးခံရတဲ့ နောက်ဆုံးလူက ကျနော်ဖြစ်မယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်က သူက ကျနော်တို့အသင်းကို ဟက်ထရစ်သွင်းခဲ့တာလေ၊ ကျနော်တို့က အရမ်းအံ့အားသင့်ဖို့ကောင်းတဲ့ ကစားသမားတယောက်အကြာင်းကိုပြောနေတာပါ၊ ကျနော့်အမြင်မှာတော့ သူက သူ ကစားပေးနေတဲ့ အသင်းအတွက် ခြားနားချက်တခုကို ဆက်ဖန်တီးပေးနေမယ့် ကစားသမားတယောက်ပဲ"
"သူနဲ့ မက်ဆီက ဘောလုံးလောကမှာ ၁၀ နှစ်၊ ၁၅ နှစ်လောက် ဇာတ်လမ်းပုံပြင်တွေအများကြီးကို ဖန်တီးပေးခဲ့ကြပါတယ်၊ မနှစ်က ကျနော်တို့ ၃-၂ နဲ့ သူ့ကို ရှုံးခဲ့ပါတယ်၊ ကျနော်တို့ ယူနိုက်တက်ကို ရှုံးခဲ့တာမဟုတ်ဘူး၊ ကျနော်ကောင်းကောင်းမှတ်မိပါတယ်၊ ပွဲကောင်းတပွဲကို ကျနော်တို့ကစားနိုင်ခဲ့ပြီး သူက ပွဲအဖြေကို ပြောင်းလဲပေးသွားခဲ့တာပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ ဒီရာသီမှာ လိဂ်ဂိုးတဂိုးတည်းသာရရှိထားပြီး ဂိုးသွင်းနိုင်ဖို့ရုန်းကန်နေရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာလည်း ဂိုးရဖို့အတွက် ကြိုးစားမှုတွေ အရာမထင်ဖြစ်ခဲ့ရပြီး ယူနိုက်တက်တို့လည်း ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။