မနက်ဖြန် အန်ဖီးလ်ကွင်းကို ထပ်မံသွားရောက်ရမှာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ပြီးခဲ့တဲ့ရာသီ လီဗာပူး အိမ်ကွင်း အန်ဖီးလ်မှာ (၇) ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ရလဒ်က ကစားသမားတွေကို ခြောက်လှန့်နေမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ တနင်္ဂနွေညမှာ လီဗာပူးနဲ့ အဝေးကွင်းပွဲကျပ်အဖြစ် ရင်ဆိုင်ရမှာပါ။



ဒီနှစ်သင်း ပြီးခဲ့တဲ့ရာသီ အန်ဖီးလ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံခဲ့တုန်းက ဆာလာရဲ့ ခြေစွမ်းပြမှုနဲ့အတူ လီဗာပူးက (၇) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက်လည်း မဟာပြိုင်ဘက်ကို အခုလိုမျိုး အရှက်တကွဲ အရေးနိမ့်ခဲ့တာက တော်တော်လေးကို အရှိုက်ထိစရာဖြစ်ခဲ့ပါတယ်။

အခု မနက်ဖြန်ညမှာတော့ လီဗာပူးကွင်းကို တစ်ကျော့ပြန်သွားရောက်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒီပွဲမတိုင်ခင် တန်ဟက်ခ်က “အန်ဖီးလ်ကွင်းမှာ ပြီးခဲ့တဲ့ရာသီရဲ့ ရလဒ်က ကစားသမားတွေကို ခြောက်လှန့်နေတာမျိုး ကျွန်တော် မမြင်ခဲ့ဖူးပါဘူး။ အဲ့ဒါက ဆိုးရွားတဲ့ အတွေ့အကြုံဆိုပေမယ့် အခု မတူတော့ပါဘူး”

“ကျွန်တော်တို့ ၀-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ ပွဲကို ပြန်လည်စတင်ရမှာပါ။ မနှစ်က ပထမပိုင်းမှာ ကျွန်တော်တို့ ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစပြီး မကြာခင်မှာတင် အသင်းက ချေမှုန်းခံလိုက်ရပြီး အားလုံး ပျက်စီးသွားပါတယ်။ ဒါမျိုးက မဖြစ်နိုင်တဲ့အရာပါ။ ဒါပေမယ့် မတူညီတဲ့အသင်း၊ မတူညီတဲ့ ကစားသမားတွေ ဖြစ်သွားပါပြီ”

“ကျွန်တော်တို့ ဒါကို လျစ်လျူရှုလို့ မရပါဘူး။ ကျွန်တော်တို့ ပွဲအစကနေ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်ရမယ်၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်၊ အန်ဖီးလ်မှာ အနိုင်ယူဖို့ ပြင်ဆင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က