Services စီးပွားရေးဟာ အရင်နှစ်ကာလတူထက် ၂၄% ပို ဖွံ့ဖြိုးခဲ့ပါတယ်။

Apple ရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အခကြေးငွေပေးသုံးတဲ့ Subscriber ဦးရေဟာ စုစုပေါင်း ၇၈၅ သန်းအထိ ရှိလာပြီလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၁၂ လအတွင်း Apple Services တွေဟာ Subscribers သစ် ဝင်ရောက်မှု စံချိန်တင် မြင့်တက်လာခဲ့ပြီး တစ်နှစ်အတွင်း Subscriber ပေါင်း ၁၆၅ သန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ Apple iCloud ၊ Music နဲ့ Apple TV+ ရုပ်ရှင်ကဏ္ဍအစုံကနေ Subscribe လုပ်သူဦးရေကို ထည့်တွက်ထားတာ ဖြစ်ပါတယ်။ Apple ရဲ့ နောက်ဆုံးသုံးလပတ်ဝင်ငွေရလဒ် ရှင်းတမ်းမှာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်နဲ့ Apple အကြီးတန်း ဒုဥက္ကဌဖြစ်တဲ့ လူကာ မေးလ်စထရီက ရှင်းလင်းခဲ့တာပါ။



Photo : 9to5mac


"ကျွန်တော်တို့ဟာ ဒီဇင်ဘာသုံးလပတ်မှာ ကဏ္ဍစုံကနေ စံချိန်သစ်တွေ စိုက်ထူနိုင်ခဲ့ပါတယ်။ iCloud ၊ Music ၊ ဗွီဒီယို ၊ ကြော်ငြာနဲ့ ငွေပေးချေမှု စတဲ့ Services တွေကနေလည်း အမြင့်ဆုံးစံချိန်သစ်တွေ တင်ခဲ့ပါတယ်။ ပြောရရင် သုံးလပတ်အစ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခကြေးငွေနဲ့ လစဉ် သုံးနေတဲ့ Subscribers ဦးရေ ၇၈၆ သန်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာကို Subs သစ် ၁၆၅ သန်း တိုးလာပါတယ်။ အလွန့်အလွန်ကို ကျေနပ်စရာ စွမ်းဆောင်မှုပါပဲ။"လို့ မေးလ်စထရီက ပြောပါတယ်။

အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ သုံးလပတ်ကာလအတွင်းမှာ Apple ဟာ စုစုပေါင်း ဒေါ်လာ ၁၂၃.၉ ဘီလျံကျော်အထိ စံချိန်တင် ဝင်ငွေရခဲ့တယ်လို့ ဆိုပါတယ်။ Apple ရဲ့ Q1 ကာလဟာ Wall Street ဈေးကွက်ခန့်မှန်းချက်ထက် ကျော်လွန်ပြီး ဝင်ငွေမြင့်တက်ခဲ့တာ ဖြစ်သလို iPad စီးပွားရေးက လွဲပြီး တခြားလုပ်ငန်းတွေ အားလုံး စံချိန်တင် ဝင်ငွေရခဲ့တာပါ။ ဝန်ဆောင်မှုစီးပွားရေးဟာ အရင်နှစ်ကာလတူ သုံးလပတ်က ဒေါ်လာ ၁၅.၇၆ ဘီလျံ ဝင်ငွေကနေ ဒေါ်လာ ၁၉.၅ ဘီလျံအထိ တက်လာခဲ့တာပါ။

iPad စီးပွားရေးဟာ အရင်နှစ်ကာလတူ ဝင်ငွေဒေါ်လာ ၈.၄၈ ဘီလျံကနေ ဒေါ်လာ ၇.၂ ဘီလျံအထိ ကျဆင်းသွားခဲ့ပေမယ့် Apple Wearables စီးပွားရေးဟာ ဒေါ်လာ ၁၂.၉၇ ဘီလျံကနေ ဒေါ်လာ ၁၄.၇ ဘီလျံအထိ မြင့်တက်လာခဲ့ပြီး Mac ထုတ်ကုန်စီးပွားရေးလည်း ဒေါ်လာ ၈.၆၈ ဘီလျံကနေ ဒေါ်လာ ၁၀.၈ ဘီလျံအထိ မြင်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ iPhone စီးပွားရေးဟာ အရင်နှစ် ကာလတူဝင်ငွေ ဒေါ်လာ ၆၅.၅၉ ဘီလျံကနေ ဒေါ်လာ ၇၁.၆ ဘီလျံအထိ ၉% ခန့် ရောင်းအားပိုတက်ခဲ့ပါတယ်။ 

Photo: GSMArena


Supply Chain အကြပ်အတည်းတွေ ရှိခဲ့ပေမယ့် Apple ဟာ စံချိန်တင် ဝင်ငွေရအောင် စီမံနိုင်ခဲ့တာလို့ ဆိုရမှာပါ။ ဒုတိယသုံးလပတ်ကစပြီး Supply ပြဿနာ နည်းလာဖို့ရှိတာကြောင့် ဝင်ငွေရလဒ် ဆက်ပြီး မြင့်တက်နိုင်ပါတယ်။ Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ကတော့ ကုမ္ပဏီဟာ AR (Augmented Reality) ပိုင်းမှာ ရင်းနှီးမြှပ်နှံထားပြီး App Store မှာ AR apps ပေါင်း ၁၄၀၀၀ ကျော် ရှိထားပြီလို့ ဆိုပါတယ်။ 

Apple အနေနဲ့ Metaverse ဆိုတဲ့ စကားလုံး မသုံးနှုန်းပေမယ့် ကုမ္ပဏီရဲ့ ရေရှည်မျှော်မှန်းချက်ဟာ Metaverse ကမ္ဘာနဲ့ Metaverse ဝန်ဆောင်မှုစီးပွားရေးဖြစ်လာဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က