လူကြီးက ၅၀၀ ၊ ကလေးက ၃၀၀ ကျပ်နဲ့ စားသုံးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ပြည်မြိုမှာ အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်း " အဝစား ၅၀၀ ကျပ်တန်ထမင်းဆိုင်" ကို မရွှေထားအဖွဲ့က ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ် ရောင်းချပေးနေပြီဖြစ်ပါတယ်။ 



အဝစား ၅၀၀ ထမင်း ပထမဆုံးစတင်ရောင်းချတဲ့နေ့ရဲ့ မီနူးကတော့ ကြက်သားအာလူး ၊သီးစုံကုလားဟင်းနဲ့ ငရုတ်သီးကြော်တို့ဖြစ်ပြီး လူကြီးက ၅၀၀ ၊ ကလေးက ၃၀၀ ကျပ်နဲ့ စားသုံးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

"ပါဆယ်လက်မခံပါဘူး။ တစ်ရက်ကို လူ ၂၀၀ စာပဲ ရောင်းပေးပါ့မယ်။အဝစား ၅၀၀ ထမင်းဆိုင်လေးဖွင့်ရတဲ့ ရည်ရွယ်ချက်က အခြေခံလူတန်းစားတွေအတွက်ပဲ ရည်ရွယ်တာပါ။ ပထမအနေနဲ့က ဒီကာလမှာ လူတွေဒုက္ခကို ကိုယ်ချင်းစာလို့ စမိခဲ့တာပါ၊နောက်တခုက တစ်နေ့တစ်နေ့ ကိုယ့်ဆီက ငွေဘယ်လောက်ကုန်နိုင်မလဲ အရင်တွက်ရပါတယ်၊ရောင်းရငွေဆိုတာ ကျွန်မတို့အနေနဲ့ ထည့်မတွက်ထားပါဘူး။ ကျွန်မတို့ အနေနဲ့ ဈေးရောင်းဖူးတာ မဟုတ်တော့ ပြင်ဆင်ချိန် လုပ်ရပါတယ်၊ အခုဆိုင်ကို ပြင်ဆင်ချိန်ရအောင် ကြာရှည်လုပ်နိုင်အောင် တစ်ပတ်ကို ၃ ရက် ရောင်းပါမယ်။ ကျွန်မတို့ ရောင်းမှာက နေ့လယ်စာတစ်ချိန်ပါပဲ " လို့ မရွှေထားကပြောပါတယ်။

အဝစား ၅၀၀ ထမင်းဆိုင်ကို ပြည်မြို့ ဂန္ဓမာရပ်ကွက် သီရိရတနာဆောင် ကျောင်းဝန်းထဲမှာ အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့တိုင်းမှာ မနက် ၁၀ နာရီ ၃၀ ကနေ နေ့ခင်း ၂ နာရီ အထိ လူဦးရေ ၂၀၀ ကို ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။

ပြည်မြို့မှာ တန်ဖိုးနည်း အဝစား ၅၀၀ ထမင်းဆိုင်ဖွင့်တာ ဒေသခံပြည်သူလူထုအတွက် အဆင်ပြေတဲ့အတွက် ကြိုဆိုကြသလို၊ လုပ်ငန်းရှင်တချို့ကလည်း တန်ဖိုးနည်းထမင်းရောင်းချပေးမှုအတွက် စားသုံးဆီလှူဒါန်းတာရှိတဲ့အပြင် ကြက်သွန်နီ၊ဂျင်း တွေလှူဒါန်းမှုရှိတာကိုတွေ့ရပါတယ်။

ခုဆိုရင် အဝစား ၅၀၀ တန်ထမင်းဆိုင်တွေကို ပြည်အပါအဝင် မြို့အများအပြားမှာ ဖွင့်လှစ်ရောင်းချနေကြပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က