ဝေဖန်မှုတွေအပေါ် နေမာက တုံ့ပြန်လာခဲ့တာပါ။

PSG နဲ့ ဘရာဇီးကြယ်ပွင့် နေမာက သူ့ရဲ့ ကွင်းပြင်ပနေထိုင်မှုပုံစံတွေကို ဝေဖန်မှုတွေရှိနေတဲ့အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်သွားခဲ့ပါတယ်။ နေမာဟာ ထွန်းတောက်လာမယ့် ဘောလုံးလောကရဲ့ ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရပေမယ့် သူ့ရဲ့ ကွင်းပြင်ပနေထိုင်မှုတွေကြောင့် ကစားသမားဘဝမှာ ထိုက်သင့်သလောက် မအောင်မြင်ခဲ့ဘူးလို့ ဝေဖန်မှုတွေရှိနေတာပါ။



နေမာဟာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပြီး အထူးသဖြင့် ဘောလုံးရာသီတစ်လျှောက် PSG အတွက် အရေးပါတဲ့အချိန်တွေကို ဒဏ်ရာပြဿနာကြောင့် မကြာခဏ လွဲချော်လေ့ရှိပါတယ်။ ဒါပေမယ့် နေမာကတော့ သူ့ရဲ့ ပုံစံကို ပြုပြင်သွားဖို့မရှိဘဲ ဝေဖန်မှုတွေကို အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

နေမာက “ကျွန်တော်သာ သေချာဦးတည်ချက်မထားခဲ့ရင် ထိပ်တန်းအဆင့်ကို ရောက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် အဆင်ပြေတဲ့အချိန်တွေ၊ အားလပ်တဲ့အချိန်တွေဆိုရင် အပြင်ထွက်ပါတယ်။ ဒါ ဘာပြဿနာမှမရှိပါဘူး။ သူတို့အနေနဲ့ ကျွန်တော့်ကို ကွင်းထဲမှာ ဝေဖန်ပိုင်ခွင့်ရှိပါတယ်”

“ဒါပေမယ့် ကျွန်တော့်ဘဝကတော့ ကျွန်တော့်ကိုယ်ပိုင်ပါ။ ဘယ်သူမှဝေဖန်ခွင့်မရှိပါဘူး။ ကျွန်တော်က လွတ်လွတ်လပ်လပ်ပဲ နေချင်တာပါ။ တကယ်လို့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုပိုင်းကိုသာ ဂရုမစိုက်ခဲ့ဘူးဆိုရင် အခုလို အဆင့်မျိုးမှာလည်း ရှိနေမှာမဟုတ်ပါဘူး။ ဒီလို ဝေဖန်မှုတွေက ကျွန်တော့်ကို စိတ်တိုစေပါတယ်”

“ကျွန်တော် ဘောလုံးကို ချစ်မြတ်နိုးတယ်၊ ဘောလုံးကစားရတာက ကျွန်တော့်ဘဝရဲ့ သဘောအကျဆုံး အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်က အစစ်မှန်ဆုံးနဲ့ အမှန်ကန်ဆုံး ကစားသမားတစ်ယောက်အဖြစ် သတိတရဖြစ်ခံချင်တာပါ။ ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

နေမာဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နိုင်တယ်လို့ ဝန်ခံထားဖူးပြီး ကစားသမားဘဝကို စောစောစီးစီး အဆုံးသတ်သွားမလား စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က