ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ လက်ရွေးစင်အသင်းမှာ ကာရင် ဘန်ဇီးမား ပါဝင်ပတ်သက်မှုကို အားပေးထောက်ခံခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်နဲ့ တွဲကစားရတာကို ပျော်ရွှင်ခဲ့တယ်လို့ COPE က ဖော်ပြခဲ့ပါတယ်။
ကာရင် ဘန်ဇီးမားဟာ ပြင်သစ်အသင်းက အာဂျင်တီးနားကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး နောက်တစ်ရက်အကြာ အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်တဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါဆုရှင်ဟာ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း လေ့ကျင့်ရေးမှာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် ကာတာကနေ အိမ်ပြန်လွှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး နည်းပြ ဒက်စ်ချမ့်နဲ့ ဆက်ဆံရေးမပြေလည်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဂျာနယ်လစ် ရိုမိန်း မိုလီနာရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီလို ကိစ္စတွေ ရှိနေပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ၂၀၂၂ ခုနှစ် ဘလွန်ဒေါဆုရှင်နဲ့အတူ တွဲကစားရတာကို ပျော်ရွှင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဘန်ဇီးမားဟာ အကြပ်ကိုင်ငွေညှစ်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် လက်ရွေးစင်အသင်းနဲ့ ၅ နှစ်ကြာ ကင်းကွာခဲ့ပြီးနောက် ၂၀၂၀ မှာ ပြန်လည်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဘန်ဇီးမားဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ်ပေါင်း ၉၇ ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး ၃၇ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ၁၆ သင်းရှုံးထွက်အဆင့်က ထွက်ခဲ့ရတဲ့ ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။