ပြင်သစ်က ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ တတိယမြောက်အသင်းဖြစ်လာဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဂ်ဘာက ပြင်သစ်အသင်းဟာ ကာတာက ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် အာဂျင်တီးနားထက် အဓိက အားသာချက်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ပြင်သစ်အသင်းဟာ တနင်္ဂနွေနေ့ လူဆေးလ်ကွင်းမှာ အာဂျင်တီးနားနဲ့ တွေ့ဆုံယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒက်စ်ချမ့်ရဲ့အသင်းဟာ အုပ်စု D ရဲ့အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်တက်ခဲ့တာဖြစ်ပြီး ပိုလန်၊ အင်္ဂလန်နဲ့ မော်ရိုကိုတို့ကို ရှုံးထွက်အဆင့်မှာ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကလည်း အုပ်စု C ရဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီးနောက် သြစတြေးလျ၊ နယ်သာလန်နဲ့ ခရိုအေးရှားအသင်းတို့ကို အနိုင်ယူပြီး ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လီယွန်နယ် မက်ဆီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားနိုင်မယ့်ပုံပေါ်နေပေမယ့်လည်း ပြင်သစ်က ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ တတိယမြောက်အသင်းဖြစ်လာဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒရော့ဂ်ဘာက ပြင်သစ်အသင်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်နိုင်ရုံတင်မကဘဲ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာက အာဂျင်တီးနားအသင်းထက် ပိုမိုအားသာချက်ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ဗိုလ်စွဲခဲ့ဖူးတဲ့ ကစားသမား ၁၀ ဦးအထိ ကာတာက ပြိုင်ပွဲမှာ ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။ "ပြင်သစ်က ဗိုလ်လုပွဲမှာ အားသာချက် ရှိနေပြီး လွန်ခဲ့တဲ့ ၄ နှစ်ကမှ ကမ္ဘာ့ဖလားကို အနိုင်ရခဲ့တာပါ။ ခင်ဗျား ဖိအားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိတယ်။ ခင်ဗျား အဲဒီကို ရောက်ခဲ့ဖူးတာကိုး။ ဒါပေမယ့်လည်း သူတို့မှာ ကစားသမားသစ်တွေရှိပြီး အဲဒါက သူတို့အတွက် အသစ်အဆန်းဖြစ်နေပါလိမ့်မယ်"

"သူတို့တွေထဲက အချို့အတွက်ကတော့ လီယွန်နယ် မက်ဆီနဲ့ ရင်ဆိုင်ကစားရတာက ပထမဆုံးအကြိမ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဖိအားတွေကတော့ ရှိနေပါလိမ့်မယ်။ ဒီပြင်သစ်အသင်းက အရမ်း အရမ်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် နည်းပြအဖြစ်နဲ့ ဒက်စ်ချမ့်က ရှိနေတာပါ။ သူတို့တွေ ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက် အနိုင်ရရှိချင်နေပါတယ်။ အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းက ထိခိုက်မှုတွေအများကြီး မရချင်ဘူးဆိုတာကို သိတယ်။ အာဂျင်တီးနားက တကယ်ကို ကြမ်းကြမ်းတမ်းတမ်းကစားနိုင်ပြီး သူတို့တွေ အမ်ဘာပေကို ဘာမှလုပ်ခွင့်ပေးမှာမဟုတ်ပါဘူး။ သူတို့တွေ သူ့ကို ပိတ်ဆို့ဖို့ ကြိုးပမ်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အဓိကလူဆိုတာကို သူတိုသိနေလို့ပါ"

"သူတို့အတွက် ချူအာမေနီ၊ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီကိုတောင် ကိုင်တွယ်ဖို့ ခက်ခဲလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒမ်ဘီလီအကြောင်း မပြောကြဘူးနော်။ သူက ဂျူးစ် ကွန်ဒေကို အများကြီး အကူအညီပေးနေခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူက အလုပ်ကို တကယ် ပြင်းပြင်းထန်ထန် လုပ်နေခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က