အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြင်သစ်လီဂူးရဲ့ အနေအထားက လက်ရှိအချိန်မှာ ပျင်းစရာကောင်းနေကြောင်း၊ ဒါဟာ နတ်ဘုရားကြီးမရှိတော့လို့ဖြစ်ကြောင်း သူ့ကိုယ်သူ အမွှန်းတင်ကာ ပြောဆိုခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ပြင်သစ်လီဂူးရဲ့ ပြိုင်ဘက်မရှိ ပီအက်စ်ဂျီမှာ ကစားခဲ့ဖူးပါတယ်။
သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝမှာ အမှတ်ပေးဖလားက နှစ်တိုင်း ပြေးမလွှတ်ခဲ့ဘဲ လက်ရှိအချိန်ထိလည်း ပီအက်စ်ဂျီက ပြိုင်ဘက်မရှိ ဗိုလ်ဝင်ခံနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအသင်းမှာလည်း မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ ရာမို့စ်တို့လို နာမည်ကျော် ကစားသမားတွေရှိနေပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီဟာ လက်ရှိအချိန်ထိ သူတို့လိုလားတောင့်တနေတဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။ လိဂ်ပြိုင်ပွဲနဲ့ ပတ်သက်လို့လည်း အီဘရာဟီမိုဗစ်က “ကျနော် ပြင်သစ်ကနေ ထွက်လာတည်းက အရာအားလုံးက ကျဆင်းသွားတာပဲဗျ။ ခင်ဗျားတို့ ပြင်သစ်လီဂူးအကြောင်း ဘာမှကို ပြောစရာမရှိတော့တာ”
“ပြင်သစ်နိုင်ငံက ကျနော့်ကို လိုအပ်ပါတယ်။ ကျနော်ကတော့ ပြင်သစ်ကို မလိုအပ်ပါဘူး။ အမ်ဘာပေ၊ နေမာ၊ မက်ဆီတို့ရှိနေသည့်တိုင် ဒါတွေက ပြင်သစ်နိုင်ငံကို မကူညီနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ ပြင်သစ်နိုင်ငံမှာ နတ်ဘုရားကြီးမရှိတော့လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ နာမည်ကျော်လိဂ်က နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ အဆိုပါ ဆွီဒင်ဂန္တဝင်ကြီးဟာ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ အေစီမီလန်ကို ရောက်ရှိနေပါတယ်။ လတ်တလောမှာတော့ အီဘရာဟီမိုဗစ်တယောက် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပါတယ်။