ဂိုးသွင်းကောင်းတဲ့ နောက်ခံလူဆိုတဲ့ ဂုဏ်ပုဒ်ကို ရာမို့စ်က ပြန်လည်ပြသခဲ့ပါပြီ။

ပီအက်စ်ဂျီနောက်ခံလူဆာဂျီယိုရာမို့စ်ဟာ ရိမ်းမ်စ်ကို အနိုင်ရရှိခဲ့တဲ့ လီဂူးပွဲစဉ်မှာ အသင်းသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီက ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ရာမှာ ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ်ကစားသမားဘ၀မှာ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့ပြီး ဂိုးသွင်းအားကောင်းတဲ့ နောက်ခံလူဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်တော့မှာလား စောင့်ကြည့်ရပါတော့မယ်။

ပွဲကစားချိန် ၆၂ မိနစ်မှာ ဒီမာရီယာရဲ့ ထောင့်ကန်ဘောကတဆင့် ပီအက်စ်ဂျီကစားသမားတဦးက ခေါင်းတိုက်ခဲ့ရာမှာ ဂိုးသမားနဲ့ထိပြီး ပြန်လည်ထွက်လာမှုကို ရာမို့စ်က ၂ ကြိမ်ဆင့်ပိတ်ပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ပြင်သစ်မြေမှာ ပထမဆုံး သူ ရရှိခဲ့တဲ့ သွင်းဂိုးဖြစ်ပြီး ဒါကြောင့်လည်း ရာမို့စ်က ခံစားချက်ပြင်းထန်စွာနဲ့ အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

အဆိုပါပွဲမှာတော့ ကိုဗစ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာတဲ့ မက်ဆီလည်း ပါဝင်ခဲ့​ပြီး ဖန်တီးမှုတကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးပေါက်ကတော့ ပျောက်နေဆဲဖြစ်ကာ ရာမို့စ်ကတော့ မက်ဆီရဲ့ ဒီရာသီလိဂ်သွင်းဂိုးကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်မှာ ၅ ဂိုးသွင်းယူထားပေမယ့် လိဂ်ဂိုးကတေ့ာ ၁ ဂိုးတည်းသာ ရရှိထားတာလည်းဖြစ်ပါတယ်။ 

အသက် ၃၅ နှစ်အရွယ် နောက်ခံလူရာမို့စ်ဟာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အစောပိုင်းပွဲစဉ်တွေကိုတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပါတယ်။ ထုံးစံအတိုင်း ခပ်ကြမ်းကြမ်းကစားပုံကြောင့် အနီကတ်လည်းပြသခံခဲ့ရပြီဖြစ်ကာ သွင်းဂိုးကိုတော့ အခုပွဲမှာမှ စတင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယရာသီဝက်မှာ သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မလား စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က