ပီအက်စ်ဂျီဟာ သတင်းတွေထွက်ပေါ်နေသလိုမျိုး ပိုချက်တီနိုကို ရာထူးကမထုတ်ဘဲ နောက်ထပ်တနှစ် ဆက်လက်ထိန်းသိမ်းဖွယ်ရှိပါတယ်။ အဲ့ဒီနောက် လာမယ့်ရာသီကုန်မှသာ ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ကမ်းလှမ်းဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
ပိုချက်တီနိုဟာ ချန်ပီယံလိဂ်ကနေ စောစောစီးစီး ပြုတ်ခဲ့ပြီးတည်းက အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာပါ။ သူ့နေရာကို ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနဲ့ အစားထိုးဖို့ ပီအက်စ်ဂျီက ပစ်မှတ်ထားခဲ့ပါတယ်။
ဒါပေမယ့် ဇီဒန်းကတော့ ပီအက်စ်ဂျီကို ကိုင်တွယ်လိုခြင်းမရှိဘဲ ပြင်သစ်လက်ရွေးစင်ကိုသာ ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေပါတယ်။ ပြင်သစ်ဟာ (၂၀၂၂) ကမ္ဘာ့ဖလားကို လက်ရှိနည်းပြ ဒက်ချမ့်စ်နဲ့ ဖြတ်သန်းရမှာပါ။ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြိုင်ပွဲပြီးဆုံးချိန်မှာ ဇီဒန်းက ပြင်သစ်လက်ရွေးစင်နည်းပြ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် လတ်တလော အမ်ဘာပေကို လုပ်ပိုင်ခွင့်အပြည့်ပေးပြီး ပီအက်စ်ဂျီက စာချုပ်သက်တမ်းတိုးလိုက်တာကြောင့်လည်း ဇီဒန်းတယောက် ပီအက်စ်ဂျီကို မလာဖို့ ဆုံးဖြတ်ချက် ပိုမိုခိုင်မာနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ပီအက်စ်ဂျီမှာ အမ်ဘာပေက အားကစားဒါရိုက်တာ၊ နည်းပြတို့ထက် လုပ်ပိုင်ခွင့်ပိုရှိသွားခဲ့ပါပြီ။
အမ်ဘာပေကို စာချုပ်သက်တမ်းတိုးပြီး နာရီပိုင်းအကြာမှာတင် အားကစားဒါရိုက်တာ လီယိုနာဒိုကို ရာထူးက ထုတ်ပယ်တဲ့အကြောင်း တိုက်ရိုက်ပြောကြားထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အမ်ဘာပေဟာ အားကစားဒါရိုက်တာရာထူးအတွက် လူးဝစ်ကမ်းပို့စ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
နည်းပြနေရာအတွက် ဇီဒန်းကိုအလိုရှိနေပေမယ့် ဇီဒန်းကတော့ အခုလိုပဲ ပီအက်စ်ဂျီကို လာတော့မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ပိုချက်တီနိုကို တရာသီဆက်ထားပြီး မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်မယ့် ဂွါဒီယိုလာကို ခေါ်ယူဖို့ သတင်းထွက်လာခဲ့တာပါ။ ဒါပေမယ့် အမ်ဘာပေက နည်းပြနဲ့ အားကစားဒါရိုက်တာရဲ့အထက်ကို ရောက်နေတဲ့ အသင်းမှာ ဂွါဒီယိုလာတယောက် လာရောက်နည်းပြလိုခြင်းရှိ၊ မရှိကတော့ မသေချာပါဘူး။